Tuesday, August 1, 2017

လူမှုဒုက္ခအခက်​အခဲ​တွေကို
ငွေ​ကြေးနဲ့ ​ဖြေရှင်းရင်
အဆင်​​ပြေနိုင်​​ပေမယ့်
စိတ်​မှာဖြစ်​​နေတဲ့
ဒုက္ခ ​ဝေဒနာ ကို​တော့
တရားနဲ့ရှင်းမှပဲ
ပြေလည်​နိုင်​ပါမယ်

သံသရာမျက်​ရည်

ငယ်စဉ် ကလေးဘ၀က စပြီး သင်ယူလေ့လာ
ခဲ့ရတဲ့ ကျောင်းပညာ ကို ဘွဲ့ရပြီးတဲ့အခါမှာ
ကျွန်တော် မေ့ထားခဲ့ပါပြီ ။

အလယ်တန်းကျောင်းသားဘ၀ထဲက စပြီး သင်ယူ
လေ့လာခဲ့တဲ့ ဂီတပညာ ကိုလည်း စားဝတ်နေရေး
လုံးပန်းနေတဲ့ လက်ရှိဘ၀မှာ ကျွန်တော်
မေ့နေပါပြီ ။

အသက်မွေးဝမ်းကြောင်း ဖို့အတွက်
သင်ယူလေ့လာခဲ့တဲ့ အသက်မွေးဝမ်းကြောင်းမှု
ပညာဟာလည်း ကျွန်တော် အိုမင်းမစွမ်း
ဖြစ်တဲ့အခါ မေ့ပျောက်သွားမှာ သေချာပါတယ် ။

တချိန်မှာ ပညာရပ်တွေအားလုံး ကို
ကျွန်တော်မေ့ထားခဲ့နိုင်ပါတယ်၊

ဒါပေမယ့်
ကျွန်တော် သေခါနီး အသက်ထွက်တဲ့အချိန်အထိ
မေ့ထားလို့မရ လေ့ကျင့်အားထုတ်မှုကို
ရပ်တန့်လို့မရတဲ့ အရာ တခုတော့ရှိပါတယ်

အဲဒါ ကတော့
သံသရာ ဘ၀ အဆက်ဆက်
ပါရမီ လက်ဆင့်ကမ်း သယ်သွားရမယ့်
တရား ဓမ္မ လေ့ကျင့်အားထုတ်မှုပဲ ဖြစ်ပါတယ် ။

သံသရာမျက်ရည်(မိုးညှင်း)

ဟေတုပစ္စည်းအတွက်
မောင်ငွေအိုး နားလည်နိုင်စေသော ဥပမာ
----------------------------------------------------------------
လောဘကြီးသူနဲ့ လောဘကင်းသူကို နှိုင်းယှဉ်ကြည့်လိုက်ပါ၊
ဘယ်သူကကိုယ်ရော စိတ်ပါ ချမ်းသာမှုပိုသလဲ၊
လောဘစိတ်ဝင်နေတဲ့သူဟာ
ကိလေသာစိတ်ဖြစ်နေတဲ့အတွက်အကြောင့်
အဲဒီအချိန်မှာဖြစ်ပျက်နေတဲ့စိတ်တွေဟာ
အပူလောင်ခံရသလို ခံစားနေရတယ်၊
လောဘစိတ်ဝင်နေတဲ့အခါ
အဲဒီလူ ရဲ့ ရုပ်တွေကို မြင်ကြည့်လိုက်ပါ၊
သာမာန် အချိန်နဲ့ လုံးဝမတူဘူး၊
ကြမ်းတမ်းရင့်ထော်နေတယ်
လောဘစိတ်ဖြစ်တဲ့ နာမ်တရားက
အဲဒီအချိန်မှာ ဖြစ်ပျက်နေတဲ့ ရုပ်နာမ် ကို
ဟေတု ပစ္စည်းနဲ့ ကျေးဇူးပြုနေတာပဲဖြစ်တယ်၊
အဲဒီလို လောဘစိတ် ၀င်နေတဲ့အခါမှာ
ကိုယ်စိတ်နှလုံးချမ်းချမ်းသာသာ
နေနိုင်အုန်းပါ့မလား မောင်ငွေအိုး . . . ။
လောဘစိတ်မရှိတဲ့လူကတော့ စွန့်လွတ်ခြင်းဆိုတာ
ကိန်း​အောင်း​နေပြီး
စေတနာ မေတ္တာတရား​တွေ ဖြစ်​​ပေါ်​နေရင်
အဲဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ဟာ
တောတောင်တွေထဲက တောင်ကျစမ်းရေလေးလို
ကြည်လင်အေးမြနေတယ်။ အဲဒီအချိန်မှာဖြစ်ပေါ်နေတဲ့
ရုပ်တွေဟာလည်း နူးညံ့သိမ်မွေ့နေတယ်၊
အဲဒီလိုဖြစ်တာဟာလည်း အလောဘ ဆိုတဲ့နာမ်တရားက
ကောင်းတဲ့ရုပ်နာမ်ကို ဟေတုပစ္စည်းနဲ့
ကျေးဇူးပြုတဲ့အတွက်ကြောင့်ပဲဖြစ်တယ်၊
အဲဒါတွေ အကုန်လုံး ဟေတု ပစ္စည်းရဲ့ အစွမ်းတွေပဲ ပေါ့
မောင်ငွေအိုး . . . ။
နားလည်ရဲ့လား မောင်ငွေအိုး . . . .
ဒါ ဦးလေး နားလည်သလို ရှင်းပြပေးနိုင်တဲ့
မောင်ငွေအိုးအတွက် ဥပမာလေးပါပဲ ။

သံသရာမျက်​ရည်​(မိုးညှင်း)

မောင်ငွေအိုးနှင့် ပဋ္ဌာန်းတရားတော်
-----------------------------------
ပဋ္ဌာန်း ၂၄ ပါးကို တူရာတူရာ စုလိုက်ရင် ပစ္စည်း ၆ မျိုး ကိုရတယ်၊
(၁) နာမ် က နာမ်ကို ကျေးဇူးပြုတဲ့ ပစ္စည်း (၆) ပါး
(အနန္တရ ၊ သမနန္တရ၊ အာသေ၀န၊ သမ္ပယုတ္တ ၊ နတ္ထိ၊ ၀ိဂတ )
(၂) နာမ်က နာမ်ရုပ်ကို ကျေးဇူးပြုတဲ့ ပစ္စည်း (၅) ပါး
(ဟေတု ၊ ဈာန ၊ မဂ္ဂ ၊ ကမ္မ ၊ ၀ိပါက )
(၃) နာမ်က ရုပ်ကို ကျေးဇူးပြုတဲ့ ပစ္စည်း (၁) ပါး-(ပစ္ဆာဇာတ)
(၄) ရုပ်က နာမ်ကို ကျေးဇူးပြုတဲ့ ပစ္စည်း (၁) ပါး - (ပုရေဇာတ )
(၅) ပညတ်နာမ်ရုပ်က နာမ်ကိုကျေးဇူးပြုတဲ့ ပစ္စည်း (၂ )ပါး - (အာရမ္မဏ ၊ ဥပနိဿယ )
(၆) နာမ်ရုပ် (၂) ပါးက နာမ်ရုပ် (၂) ပါးကို ကျေးဇူးပြုတဲ့ပစ္စည်း (၉) ပါး
(အဓိပတိ ၊ သဟဇာတ ၊ အညမည ၊ နိဿယ ၊ အာဟာရ ၊ က္ကုန္ဒြိယ ၊၀ိပ္ပယုတ္တ ၊အတ္ထိ ၊ အ၀ိဂတ )
မောင်ငွေအိုး နားရှုပ်သွားပြီလား၊ ဦးလေး တခုချင်းစီကို ရှင်းပြပေးမှာပါ၊ ပဋ္ဌာန်းတရားဆိုတာ အလွန်
အင်မတန်ခက်ခဲနက်နဲတဲ့ တရားတော်ဖြစ်တယ်၊
မောင်ငွေအိုးကို ဦးလေးရှင်းပြတယ်ဆိုတာကလည်း
ဦးလေးရဲ့အမြင်သဘောပေါက်နားလည်သလောက်ကိုတာ
ရှင်းပြမှာဖြစ်တယ်။
ဟေတုပစ္စည်းက စပြောကြရအောင်၊
ဟေတုပစ္စည်းဆိုတာ ဟိတ် (၆ ) ပါးကိုပြောတာ မောင်ငွေအိုး၊
ဟိတ် (၆) ပါးဆိုတာကတော့
လောဘ၊ ဒေါသ၊ မောဟ ၊ အလောဘ၊ အဒေါသ၊ အမောဟ တို့ပဲ၊
အဲဒီဟိတ် (၆) ပါးဟာ အပင်ရဲ့ရေသောက်မြစ်နဲ့တူတယ်လို့
ဖွင့်ဆိုထားတယ်။
သတ္တ၀ါတွေကို သံသရာမှာ ဘ၀အထွေထွေလည်ပတ်စေတာက
ဒီဟိတ် (၆) ပါးပဲဖြစ်တယ်။
ဒါကြောင့်ဒီဟိတ် (၆)ပါးကို ဘ၀ သံသရာကြီးရဲ့
ရေသောက်မြစ်ဖြစ်တယ်လို့ ပြောရတာပဲ။
ဟေတုပစ္စည်းဟာ နာမ်က နာမ်ရုပ်ကို အကျိုးပြုတဲ့
ပစ္စည်းဖြစ်တယ်လို့ ဦးလေးပြောခဲ့တယ်နော်။
ဘာကြောင့်လဲဆိုတော့ ဟိတ် (၆ ) ပါးဖြစ်တဲ့
လောဘ၊ ဒေါသ၊ မောဟ ၊ အလောဘ၊ အဒေါသ၊
အမောဟ တွေဟာ နာမ်တရားတွေဖြစ်တယ် မောင်ငွေအိုး ၊
အဲဒီ ဟိတ် (၆) ပါး နာမ်တရားက
သံသရာမှာ ဘ၀အထွေထွေ ရုပ်​နာမ်​ အမျိုးမျိုးအထွေထွေ
ဖြစ်စေတဲ့အတွက် နာမ် က နာမ်ရုပ်ကို
အကျိုးပြုတဲ့ပစ္စည်းလို့ ပြောရတာပါပဲ မောင်ငွေအိုး။

သံသရာမျက်​ရည်​(မိုးညှင်း)