Monday, November 28, 2016

====ဗုဒ္ဓမြတ်စွာဘုရားရှင်၏အံ့ဖွယ်(၁၈)ပါး====

(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တောထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး
တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။

(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။

(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။

(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။

(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။

(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

(၁၈)ဒေသစာရီကြွချီတော်မူလျှင် ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။
Buddhism Beams(Myanmar)မှကူးယူဖေါ်ပြပါသည်။
မူလ
ဓမ္မမနှစ်သာရ

ဖြစ်ပျက်ဟုဆိုရာဝယ် (၂)

ဖြစ်ပျက်ကို မျက်လုံးဖြင့် မြင်ရသည်မဟုတ်ပဲ ဉာဏ်ဖြင့် မှန်းပြီး သိရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဖြစ်ပျက်မြင်သည့်ဉာဏ်ကို 'ဥဒယဗ္ဗယဉာဏ်' ဟု ဆိုထားခြင်းဖြစ်သည်။ စိတ်ဖြင့် ဖြစ်ပျက်သိရသည် မှန်သော်လည်း စိတ်သိသည့်အသိသည် ဉာဏ်ဖြစ်သွားရန်လိုပါသည်။ အသိဉာဏ်ဟုပြောကြပါသည်။ အသိသည် ဉာဏ်ဖြစ်သွားပါမှ အသိဉာဏ် ဖြစ်ပါသည်။ ပညာဉာဏ်ဟုလည်း ပြောကြပါသည်။ ပညာသည် အပြားအားဖြင့် သိခြင်းဖြစ်ပါသည်။ သိစရာရှိတာကို သိခြင်း ဖြစ်ပါသည်။ ထိုပညာသိသည် ဉာဏ်ဖြစ်သွားပါမှသာလျှင် ပညာဉာဏ်ဟု ဆိုရပါမည်။
မူလ - မိုးကုတ်ဆရာတော်ဘုရားကြီး၏တရားတော်များ

Thursday, November 24, 2016

★ #စိတ္တာနုပဿနာသတိပဋ္ဌာန်ပိုင်း★
ဤစိတ္တာနုပဿနာသတိပဋ္ဌာန်ပိုင်း၌လည်း ဝေဒနာနုပဿနာသတိပဋ္ဌာန်ပိုင်းကဲ့သို့ပင် အဋ္ဌကထာများက ပုံစံတူပင် ဖွင့်ဆိုထားတော်မူကြ၏။ သို့အတွက် စိတ္တာနုပဿနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို ရှုထားပြီး ဖြစ်ရမည်။ ထို့နောင် အသိစိတ် ၀ိညာဏ် ဦးဆောင်နေသည့် ဖဿပဉ္စမကတရားတို့ကို ဆက်လက်ကာ သိမ်းဆည်းရှုပွားရမည်။ ယင်း ဖဿပဉ္စမကတရား ငါးပါးတို့မှာ အထက်တွင် ရှင်းပြခဲ့ပြီးသည့်အတိုင်း နာမ်ခန္ဓာ (၄)ပါးတို့သာ ဖြစ်ကြသည်။ အားလုံးပေါင်းသော် အသိစိတ် ၀ိညာဏ် ဦးဆောင် နေသည့် ခန္ဓာ (၅)ပါးတို့သာ ဖြစ်ကြသည်။ ယင်း အသိစိတ် ၀ိညာဏ် ဦးဆောင်နေသည့် ခန္ဓာ (၅)ပါးတို့ကို သိမ်းဆည်း ရှုပွားပြီးသောအခါ ဆက်လက်ပြုကျင့်ရမည့် ၀ိပဿနာရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့် အတိုင်းပင် လိုက်နာပြုကျင့်ရမည်သာ ဖြစ်ပေသည်။

★ #ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်း★
ဤဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ..
၁။ နီဝရဏ (၅)ပါး အခန်း၊
၂။ ခန္ဓာ (၅)ပါး အခန်း၊
၃။ အာယတန (၁၂)ပါး အခန်း၊
၎။ ဗောဇ္ဈင် (၇)ပါး အခန်း၊
၅။ သစ္စာ (၄)ပါး အခန်း - ဟု အခန်း (၅)ခန်း ရှိ၏။

၁။ နီဝရဏ (၅) ပါး အခန်း ----- ဤနီဝရဏအခန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဖဿကို ဦးတည်ကာ ဖဿပဉ္စမကတရား ငါးပါး ဦးဆောင်နေသည့် နီဝရဏနာမ်တရားများနှင့် ကြွင်းသော လောကီ နာမ်တရားများကို သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။ ထိုသို့ မသိမ်းဆည်းမီ ရုပ်ကမ္မဋ္ဌာန်းကိုကား ရှေးဦးစွာ သိမ်းဆည်းရှုပွားထားပြီး ဖြစ်ရမည်။ ထိုကြောင့် ဤ နီဝရဏအခန်း ရှုကွက်သည်လည်း နီဝရဏ (၅)ပါးကို ဦးတည်ကာ ခန္ဓာ (၅)ပါးစလုံးကိုပင် ရှုပွားရမည့် ရှုကွက် ဖြစ်ပေသည်။ ခန္ဓာ (၅)ပါးတို့ကို သိမ်းဆည်းရှုပွားပြီးသောအခါ ဆက်လက် ပြုကျင့်ရမည့် ၀ိပဿနာရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် လိုက်နာ ပြုကျင့်ရမည်သာ ဖြစ်ပေသည်။

၂။ ခန္ဓာ (၅) ပါး အခန်း ----- ဤအခန်း၌ ခန္ဓာ (၅)ပါးစလုံးကိုပင် သိမ်းဆည်းရှုပွားရန် ဘုရားရှင်က ညွှန်ကြား ထားတော်မူပေသည်။ တစ်ဖန် အကြောင်းသမုဒယသစ္စာတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါးဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ခြင်းကိုလည်းကောင်း, အကြောင်းသမုဒယသစ္စာတရားတို့ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့ ချုပ်ငြိမ်းပုံကိုလည်းကောင်း, အကြောင်း အကျိုး နှစ်ရပ်စလုံးတို့၏ ခဏပစ္စုပ္ပန်အားဖြင့် ဖြစ်မှု ပျက်မှုကိုလည်းကောင်း ၀ိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရန် ဆက်လက်ကာ ညွှန်ကြားထားတော်မူ၏။ ထို့နောင် ဆက်လက်ပြုကျင့်ရမည့် ၀ိပဿနာရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် လိုက်နာ ပြုကျင့်ရမည်သာ ဖြစ်ပေသည်။

၃။ အာယတန (၁၂) ပါး အခန်း ----- ဤအခန်း၌ အာယတန (၁၂)ပါးကို ဦးတည်ကာ (= ခန္ဓာ ငါးပါး) ရုပ်နာမ် တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူ၏။ ထို့နောင် ဆက်လက်ပြုကျင့်ရမည့် ၀ိပဿနာ ရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် လိုက်နာပြုကျင့်ရမည်သာ ဖြစ်ပေသည်။

၎။ ဗောဇ္ဈင် (၇) ပါး အခန်း ----- ဤအခန်း၌လည်း ဗောဇ္ဈင် (၇)ပါးကို ဦးတည်ကာ (= ခန္ဓာ ငါးပါး) ရုပ်နာမ် တရားတို့ကိုပင် ရှေးဦးစွာ သိမ်းဆည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏။ ထို့နောင် ဆက်လက်ပြုကျင့်ရမည့် ၀ိပဿနာရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် လိုက်နာပြုကျင့်ရမည်သာ ဖြစ်ပေသည်။

၅။ သစ္စာ (၄) ပါး အခန်း ----- ဤ အ ခန်း၌ ရှေးဦးစွာ ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့ကို သိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏။ ထို့နောင် အကြောင်းသမုဒယသစ္စာတရားတို့ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ပုံကို သိအောင် မြင်အောင် ရှုသည့် သမုဒယသစ္စာပိုင်းကိုလည်းကောင်း၊ အကြောင်း သမုဒယသစ္စာတရားတို့ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့၏ ချုပ်ငြိမ်းပုံကို ၀ိပဿနာ Óဏ်ဖြင့် သိအောင် မြင်အောင် ရှုရသည့် နိရောဓသစ္စာပိုင်းကိုလည်းကောင်း ရှုပွားရန် ဆက်လက် ညွှန်ကြားထားတော် မူ၏။ တစ်ဖန် ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် လောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကိုလည်း သိမ်းဆည်းရှုပွားရန် ဆက်လက်ကာ ညွှန်ကြားထားတော်မူပေသည်။ ထို့နောင် ဆက်လက်ပြုကျင့်ရမည့် ၀ိပဿနာ ရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် လိုက်နာပြုကျင့်ရမည်သာ ဖြစ်ပေသည်။
🌟🌟🌟🌟🌟

ဖားအောက်တောရဆရာတော်ကြီး၏
#နိဗ္ဗာန်သို့သွားရာတစ်ကြောင်းတည်းသောလမ်း
စာအုပ်မှ အခန်း(၁) သဘောတရားရေးရာအပိုင်း
စာမျက်နှာ (၁၃၇ - ၁၃၈။)

Saturday, November 19, 2016

#ကြွေးနဲ့ သေမလား၊ ကြွေးကျေသေမလား#

ပစ္စုပ္ပန်ကြွေး၊ အတိတ်ကြွေး ဘာနဲ့ ဆပ်မလဲ။
မဂ်နဲ့ ဆပ်ရင် ကျေတယ်နော်။
မဂ်နဲ့ ဆပ်ရင် ကျေတယ်ဆိုတော့ တကယ်တမ်း ခင်ဗျားတို့ 
ဒီ(၀ိပဿနာ)အလုပ်ကို လုပ်လို့ ရှိရင် ဘာသံသယမှ မရှိဘဲ သေလိုက်၊
ငါ ကြွေးကျေပြီလို့  သေလိုက်၊ ကြွေးကျေတော့ အကျိုးပေး
နိုင်သေးရဲ့ လား၊ ကြွေးဆိုတာ အကြောင်းတွေကိုး၊ အကျိုး
ပေးနိုင်သေးရဲ့ လား၊ ဒီအလုပ်သာလုပ် ကြွေးကျေတယ်ဆိုတော့
အော် သူတို့ သေပုံ တယ်ကောင်းတယ်ဟေ့။
ကြွေးရှိတဲ့ ပုဂ္ဂိုလ် လောကီမှာတောင် မပူရဘူးလား။ ကြွေးဆိုတာ ငွေစက္ကူနဲ့ ဆပ်လို့ 
မရဘူး၊ ခန္ဓာနဲ့ ဆပ်နေရမှာ။ အပါယ်ကျတော့လည်း ခန္ဓာနဲ့ 
ဆပ်ရတယ်။ သစ္စာမသိတဲ့ ကုသိုလ်တွေက အကျိုးပေးတော့လည်း
ခန္ဓာနဲ့ ဆပ်ရတယ်။ ခန္ဓာနဲ့ ဆပ်ရတာချည်းပဲ၊ လက်ဆောင်ပေးလို့ ရတာမျိုး မဟုတ်ဘူး။ ဒါဖြင့် ဒကာဒကာမတွေ ဒီခန္ဓာကို နောက်အကျိုးမပေးအောင် လုပ်လို့ ရှိရင် ခန္ဓာပေါ်ဦးမလား၊ ခန္ဓာ ဘာသစ္စာလဲ၊ ဒုက္ခသစ္စာ၊
ဒုက္ခသစ္စာ မပေါ်ရင် နိဗ္ဗာန်ပေါ်ရမယ် ။ အဲတော့
ကြွေးနဲ့ သေမလား၊ ကြွေးကျေသေမလား။

မိုးကုတ်ဆရာတော်ဘုရားကြီး

Friday, November 18, 2016

#၀ိပသာနာအလုပ်လုပ်တယ်ဆိုတာတမင်ရှာပြီးလုပ်နေရတာမဟုတ်ဘူး။ကိုယ့်ခန္ဓာကိုယ်ကြည့်နေရုံပါပဲ။ကြည့်တော့ ဖောက်ပြန်ပျက်စီးနေတာအမျိုးမျိုးခန္ဓာမှာ တွေ့ရမှာပဲ။ခန္ဓာအရှိကိုဥာဏ်အသိနဲ့ကိုက်ရင်ယထာဘူတဥာဏ်၊ဟုတ်တိုင်းမှန်စွာသိတဲ့ဥာဏ်၊နိဗ္ဗာန်ဆိပ်ဦး ရောက်ပြီလို့ဆိုနိုင်တယ်။
တဏှာကြောင့် ခန္ဓာဖြစ်ရတယ်။ ဒီခန္ဓာ ဘယ်မှာ အဆုံးသတ်ပါလိမ့် ဆိုရင် မသာမှာ အဆုံးသတ်တယ်။ ခန္ဓာရရင် မသာ ရတာပဲ။ ဒါဖြင့် ဘယ်ခန္ဓာ ရရပါလို၏ ဆိုရင် ဘယ်မသာ ရရပါလို၏ ဒီအဓိပ္ပါယ်ပဲ ဖြစ်နေတယ်။ ဒါ့ကြောင့် ဒကာ ၊ ဒကာမတွေ ဘယ်ခန္ဓာမှ မရချင်ကြပါနဲ့။ နိဗ္ဗာန် မရမီစပ်ကြားမှာဖြင့် နတ်ခန္ဓာ ရရပါလို၏ဆိုရင် နတ်မသာ ချရပါလို၏ ဒီအဓိပ္ပါယ်ပဲ ရတယ်။ ဗြဟ္မာခန္ဓာ ရရပါလို၏ဆိုရင်လဲ ဗြဟ္မာ မသာ ချရပါလို၏ လူ့ဘဝ ရရပါလို၏ ဆိုရင်လဲ လူမသာ ချရပါလို၏ ဒီအဓိပ္ပါယ်ပဲ ရောက်တယ်။ ဒီလိုဆိုတော့(၃၁)ဘုံမသာစုံ ဖြစ်ရပါလို၏။ဒီတဏှာမသေသရွေ့ခန္ဓာမျိုး ပြတ်မှာမဟုတ်ဘူး။

မိုးကုတ်ဆရာတော်ဘုရားကြီး

Thursday, November 17, 2016

credit
ဓမ္မရေချမ်းစင်

စာသင်သားတစ်ပါးရဲ့ ရင်ဖွင့်သံ

ပညာမတတ်လို့ ဘုန်းကြီးဝတ်လာတာမဟုတ်ဘူး
သံသရာအတွက်မို့ ဘုန်းကြီးဝတ်လာတာ ။

ဓနမွဲလို့ ဘုန်းကြီးဝတ်လာတာမဟုတ်ဘူး
ကာမနည်းအောင်လို့ ဘုန်းကြီးဝတ်လာတာ။

အနေအစားချောင်လို့ ဘုန်းကြီးဝတ်လာတာမဟုတ်ဘူး
သာသနာကြာအောင်လို့ ဘုန်းကြီးဝတ်လာတာ။

သံသရာတစ်ခွင် အပြုံးပန်းဆင်နိုင်ဖို့ ဒေါသလက်နက်တွေကိုချရင်း
မောဟကင်းတဲ့ သာသနာမှာ အလင်းဝင်နေတာ။

တင်စလွယ် ဖန်ဝါဖုံးလို့ ဂတုံးကိုပြောင်အောင်တုံး
နေပူမိုးရွာမရှောင် ဆွမ်းလှည့်ခံ
သင်္ကန်းက တွန့်ကြေနေရင်လဲဝတ်
ပေါက်ပြဲနေရင်လည်း ချုပ်စပ်
ပိဋကတ်တွေကို လေ့ကျက်သင်ကြား
ငပိရည်တစ်ခွက် ချဉ်ပေါင်ရွက်တစ်ဖက်နဲ့စားရင်း
ခဏလောက်ဖြစ်ဖြစ် လာနေကြည့်လိုက်
မငိုကြကြေးပေါ့ ။

စာသင်သားပဲဗျာ
ဗိုက်ဆာလို့ ညခင်းအသိုးအပုတ်တွေရှိရင်စား
လူမသိစေနဲ့ ။

ပျင်းရင် သီချင်းဆိုအုံးမလား လူမကြားစေနဲ့

သင်္ကန်းကို ကတောင်းကြိုက် သင်္ကန်းစုက်ထုံးလေးနဲ့
ဘောလုံးကန်အုံးမလား တိတ်တိတ်လေးခိုးဆော့
လူမမြင်စေနဲ့ ။

ငါတို့ကလူငယ်
လှတာမြင်ရင်သဘောကျ
အနုအရွလေးတွေ ငေးချင်တယ်
ပျော်ရွှင် လွတ်လပ်တဲ့ဘဝလိုချင်တယ်
လောကနောက် အတင်းလိုက်ရင်
သဘာဝနောက် ကောက်ကောက်ပါသွားမှာကြောင့်
ထိမ်းသင့်တာ ထိမ်းရတယ်
လွယ်တယ်မမှတ်နဲ့ ။

ဘဝကိုသာသနာမှာအပ် အသက်ကိုသိက္ခာမှာပုံ
ရင်ခုန်တတ်တာကို မျိုသိပ် တိုးတတ်လာတဲ့ခေတ်ကိုဘေးချိတ်ထားတာတောင်

ငါးပါးသီလဖင်ပြဲနေတဲ့သူတွေ သရဏဂုံမပီသ သူတွေက
အပြစ်လေးနဲနဲမြင် အတုအယောင်လို့စွတ်စွဲ
နဂိုတည်းကမှ အလှူရှင်မွဲတဲ့ဘဝ ။

ကြာရင်တော့ သာသနာမှာ သံဃာကုန်တော့မယ် ။

အရှင်သုစိတ္တ ဗုဒ္ဓတက္ကသိုလ်

credit ဝေပုလ္လ

Wednesday, November 16, 2016

ဝဋ်ကြွေး

ယူခဲ့ဖူးရင် ပြန်ပေးရမှာပါ
ယူခဲ့တဲ့အကြွေးတွေ ဆပ်လို့တောင်မကုန်သေးဘူး
အသစ်ကို ထပ်မယူကြပါနဲ့တော့

စိတ်

ဒေါသစိတ်ပြင်းထန်နေချိန်မှာ မိမိရုပ်ကိုပြန်ကြည့်ပါ
အရုပ်ဆိုးအကျဉ်းတန်ပါတယ်
အခန့်မသင့်ရင် ဒေါသအဟုန်ကြီးမားထိန်းမရရင်
ရုပ်ဟာဖောက်ပြန် ပျက်စီးပြီး သေဆုံးသွားနိုင်ပါတယ်
ရုပ်ခံညံ့တဲ့နှလုံးရောဂါ သည်မှာ ဒေါသစိတ် ထိမ်းမနိုင်ရင်
ရုပ်ပျက်စီးသွားနိုင်ပါတယ်
ကုသိုလ်ပြုလှူဒါန်းနေတဲ့အချိန်မှာ
ကြည်နူးပီတိစိတ်ဖြစ်ပေါ်ပါတယ် အဲဒီချိန်မှာဖြစ်ပျက်နေတဲ့
ရုပ်ကို ကြည့်ပါ
နူးညံ့သိမ်မွေ့နေတာကို တွေ့ရပါတယ်
ရုပ်ရဲ့သက်တောင့်သက်တာ ရှိမှုကိုလည်းသတိထား
မိကြမှာပါ
မိမိရဲ့ဘဝတလျောက်လုံးမှာ ရုပ် ကိုသက်တောင့်သက်သာ
ရှိစေဖို့ ဘယ်လိုစိတ်မျိုးအမြဲထားရမလဲဆိုတာ
ကျွန်တော်တို့အားလုံးသိသင့်ပါပြီ

Tuesday, November 15, 2016

အရွယ်ကောင်းတုန်းမှာ

မသေချင်ရင်လည်း တနေ့သေရမှာပါပဲ
ရောဂါဝေဒနာခံစားရချိန်မှာ စိတ်ဝေဒနာဟာ
ဘယ်လိုဖြစ်တည်နေမလဲဆိုတာ စဉ်းစားမိကြရဲ့လား
ကျန်းမာချိန်တုန်းက မအားထုတ်ပဲ
ဒီအချိန်မှာမှ ဘဝနာပွားများရင် တရားရနိုင်ဖို့ဆိုတာ
အလှမ်းကွာဝေးလှပါတယ်
ဒါကြောင့် ကျန်းမာတုန်း ကျင့်ကြံထားရပါမယ်
အသက်အရွယ် ကောင်းတုန်းမှာ စီးပွားရှာရပါတယ်
အဲသလိုပါပဲ
အသက်အရွယ်ကောင်းတုန်းမှာ တရားလည်းရှာရပါတယ်
စီးပွားရှာရတာက အိုကြီးအိုမ အချိန်မှာ
သက်တောင့်သက်သာ နေရဖို့
တရားရှာရတာက
အိုကြီးအိုမနဲ့ သေရတော့မယ့်အခါ
သတ္တိရှိဖို့ပါ
တရားရနိုင်ကြပါစေဗျာ
သံသရာမျက်ရည်ဓမ္မစာစုများ

လိုနေပြီ

အသားတော့စားတယ်
အဲဒီအသားကို စားဖို့သတ်တဲ့အလုပ်ကိုတော့
ရှောင်ကျဉ်တယ် သတ်ဖို့ကိုလည်းအားမပေးဘူး
ဒါကို မတရားဘူးလို့ထင်နေကြတဲ့သူတွေရှိပါရဲ့လား
ဒါဆို သင် ဝိပဿ နာကို လေ့လာဖို့
လိုနေပြီဆိုတာကိုသိထားရပါမယ်

Sunday, November 13, 2016

မိဘမေတ္တာလေလား သမုဒယသစ္စာလေလား

မိဘမေတ္တာလေလား
သမုဒယသစ္စာလေလား
သားသမီးအပေါ်အရိပ်တကြည့်ကြည့်နဲ့မိဘ
လောကီအမြင်မှာတော့ မိဘမေတ္တာပေါ့
တကယ်တန်းပြန်စဉ်းစားကြည့်ရင်
စိုးရိမ်ပူပန်မှုတွေနဲ့ပူလောင်နေတဲ့
သမုဒယသစ္စာ အကြောင်းတရားကြီးပါ
ပူလို့ပူမှန်းမသိ တဲ့မိဘ
အော် မိဘမေတ္တာလေလား သမုဒယသစ္စာ လေလား

သံသရာမျက်ရည် ဓမ္မစာစုများ

Friday, November 11, 2016

တိုက်တွန်းနိုးဆော်ပါတယ်

အတိတ်မေ့ရောဂါ

အတိတ်မေ့ရောဂါ
--------------------

မင်းတို့ လေးတွေ ဗိုက်ထဲ ရောက်လာပြီဆိုတာ
သိလိုက်ရတဲ့ အချိန်ကစလို့  စားချင်တာမစားခဲ့ရ
ပါဘူး မင်းတို့ နဲ့ မတည့်မှာစိုးလို့ 

လူ့ လောက ကို ပို့ ပေးတော့လည်း
အသက်နဲ့ လောင်းကြေးထပ်ပြီး ပို့ ခဲ့ရတာပါ

အခု အသက်ကြီးလာတော့လည်း မင်းတို့ က
မင်းတို့ သားသမီးလေးတွေနဲ့ ပဲ ပျော်မွေ့ နေကြတော့ ငါတို့ ကို သတိတောင်မရကြတော့ဘူး

အခုထိလည်း ငါတို့ မှာ စားချင်တာ မစားရတဲ့
ဘဝတွေပါပဲ ပြုစုပေးမဲ့ သားသမီး ဂရုစိုက်ပေးမဲ့
သားသမီး အနားမှာ မရှိလို့ 

မင်းတို့  ပိုက်ဆံရလာတဲ့အခါတိုင်း မင်းတို့ သားသမီး တွေဖို့  မင်းတို့ ရည်းစားတွေဖို့  ဆိုပြီး
သတိယ သလိုမျိုး ငါတို့ အပေါ်ကို သတိတယ
မရှိနိုင်ကြတော့ဘူးမလား

ငယ်ငယ်က မင်းတို့ ကို ထမင်းခွံ့ ကျွေးတဲ့အခါမှာ
ငါ့သားလေး ငါ့သမီး လေးများ ဝပြီလားဆိုပြီး
ဗို်က် ကလေးကိုစမ်းစမ်းကြည့် မဝမချင်း
ချော့မော့ပြီး ကျွေးခဲ့ရတာ အကြိမ်ပေါင်း
သောင်းနဲ့ ချီခဲ့ပါတယ်

အခုကျတော့လည်း ငါတို့ ကို အဲဒီလို ဂရုစိုက်ဖို့ 
တကြိမ်တခါတောင် မင်းတို့ သတိမရကြဘူးထင်ပါတယ်

ငယ်ငယ်က လက်ပေါ် ကျင်ကြီးကျင်ငယ်စွန့် တဲ့
အခါ ပေကျံ လိုနံစော်တာကို ငါတို့ တွေ ဂရုမစိုက်
အားပါဘူး ဝမ်းမှကောင်းရဲ့လားဆိုတဲ့ အတွေးက
ပေါ်လာပြီး စိုးရိမ်နေလို့ လေ

အခုကျတော့လည်း ငါတို့  ရဲ့ ကျင်ကြီးကျင်ငယ်ကို ဂရုစိုက်ဖို့ နေနေသာသာ
အမေတို့ အဖေတို့  နေကောင်းကြရဲ့လား လို့ 
တောင် မေးသံမကြားမိပါဘူး

မင်းတို့ ရဲ့ ပေကျံ နံစော်နေတဲ့ အဝတ်အစား
တွေကို အကြိမ်အခါခါ လျှော်ပေးဘူးပေမဲ့
ငါတို့ အသက်ကြီးလို့  နံစော်နေတဲ့အခါ တခါလောက်တောင် လျှော်ပေးဖို့  မင်းတို့ 
သတိမယကြဘူးမလား

တကယ်တော့

စားဝတ်နေရေး အဆင်မပြေတဲ့ မိဘတွေရဲ့
ဘဝတွေဟာ
တနေ့ တာ ကုန်လွန်ဖို့ တောင် ပင်ပမ်းကြီးစွာ
ဖြတ်သန်းနေရတာပါ

ငါတို့ လို မိဘတွေ လောကမှာ
ဘယ်လောက်တောင်များမလဲမသိဘူးနော်

ကိုယ့်မိဘ တွေဟာ
ကိုယ့်သားသမီးတွေကို
ဘယ်လောက်ထိ အားကိုးတယ်ဆိုတာ
မင်းတို့ တွေ မိဘနေရာ ရလာတဲ့တနေ့ 
သိကြရပါလိမ့်မယ်

ဘယ်မိဘမှ သားသမီးဆီမှာမမျော်လင့်ဘူး
ဆိုတာ မင်းတို့ တွေ ယုံကြည်သလား

မှားလိမ့်မယ်

တကယ်တော့ အဲဒါ မိဘတွေရဲ့
မာန နဲ့  မုသာဝါဒ ပေါင်းစပ်ထားတာလေ

ဂေါတမ ဘုရားရှင်က

မိဘများ သားသမီးများဆီမှ
မျှော်လင့်ခြင်းငါးမျိုး ထဲမှာ ငါတို့ သားသမီး
များသည် ငါတို့ အသက်ကြီးလာသောအခါ
တလှည့် လုပ်ကျွေးကြလိမ် မည် လို့ 
ဟောထားတာ ကြားဘူးကြလား

မိဘတွေ မတောင်းဆိုရက်မှန်းသိလို့ 
ဖေါ်ထုတ်ပေးထားတာ မင်းတို့ တွေ့  ကြဘူး
မှာပေါ့

ဒါပေမဲ့

သားသမီးဆီက တောင်းဆိုရင်
မိဘမေတ္တာ လျော့ကျသွားမှာစိုးလို့ 

အသက်သာ အသေခံသွားမှာပါ

ငါတို့ မှာ

အသက်ကကြီးလာလို့  လုပ်အားနဲ့ 
မရှာဖွေနိုင်တော့ပါဘူး

ရှိသမျှ အားတွေကလည်း မင်းတို့ ကို လုပ်ကျွေး
ခဲ့ရလို့  ကုန်ခမ်း ကုန်ပါပြီ

တရားရှာနိုင်ဖို့  နေနေသာသာ
ထမင်းတနပ်တောင် မနည်းရှာစားနေရတဲ့
ဘဝတွေကို ရောက်နေပါပြီ

စားချင်တာမစားရ စားသင့်တာတောင် မစားရတဲ့
ဘဝပိုင်ရှင်တွေဖြစ်နေပါပြီ

မင်းတို့ ကတော့ ကိုယ့်သားသမီးတွေရဲ့ အနာဂတ်
လှပဖို့  ကြိုးစားနေကြတယ်
ကိုယ့်ချစ်သူနဲ့  အနာဂါတ် လှပဖို့ 
ပုံဖေါ်နေကြတယ်

အတိတ်မေ့ ရောဂါသည်တွေ
ဖြစ်နေကြပြီ

အဲဒီအချိန်မှာ

မင်းတို့ ရဲ့ မိဘတွေဟာ
မပြည့်စုံတဲ့ ဘဝတွေနဲ့ 
တနေရာရာမှာ ရှိနေကြတယ် ဆိုတာကိုတော့ဖြင့်

တကြိမ်တခါလောက်ကလေး
တွေးနိုင်ကြပါစေ

credit ဦးမြင့်ခိုင်

နှလုံးသားထဲနှာ

ပျော်ရွှင်စရာတွေရှာဖွေနေရင်းနဲ့ပဲ
ပျော်ရွှင်စရာတွေရှားပါးလာတယ်
ပျော်ရွှင်မှုဆိုတာကို အပြင်မှာလိုက်ရှာနေရင်
တဖြည်းဖြည်းနဲ့ နည်းပါးလာမှာဖြစ်ပါတယ်
ရုပ်ဝတ္ထုမှန်သမျှ ကို ကြာရင် ရိုးအီသွားတာဟာ
စိတ်ရဲ့သဘောသဘာဝပါ
တကယ်တန်းရှာရမှာက နှလုံးသားထဲမှာသာ
ဖြစ်ပါတယ်

Sunday, November 6, 2016

🍀ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးကောင်းလား?
🍀သိမ်ထဲကို အမျိုးသမီးမဝင်ကောင်းဘူးလား?

မြတ်စွာဘုရားရဲ့ အဆုံးအမအမှန်တွေဟာ ဒီ tradition ကနေ ခွဲထွက်ဖို့လိုအပ်တယ်၊ tradition တွေကနေ ခွဲမထွက်နိုင်ဘူးဆိုရင် ဗုဒ္ဓရဲ့ အဆုံးအမလိုလို ဘာလိုလိုနဲ့ ရောထွေးဝင်ရောက်နေတာ ဗုဒ္ဓရဲ့အဆုံးအမအစစ်က ခုနကပြောတဲ့အတိုင်းပဲ ဘယ်အချိန်အလုပ်လုပ် ကောင်းတာလုပ်ရင် ကောင်းတဲ့နက္ခတ်ပဲ၊ ကောင်းကင်က ကြယ်တွေက ကိုယ့်ကို ဘာမှမတတ်နိုင်ဘူး၊ ကောင်းကင်နက္ခတ်တွေက ကိုယ့်ကို ဘာမှမတတ်နိုင်ဘူး၊ ကိုယ်လုပ်သင့် မလုပ်သင့် ကိုယ့်ဟာကိုယ်ပဲ နားလည်ရမယ်၊ အကုသိုလ်မဖြစ်အောင် လုပ်ရမယ်၊ ကုသိုလ်ဖြစ်အောင် သတိ ဆောင်ရမယ်၊ ဒါမြတ်စွာဘုရားရဲ့ အဆုံးအမ အခြေခံပဲ။

မြတ်စွာဘုရားရဲ့အဆုံးအမကို အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင် ကုသိုလ်ဖြစ်တဲ့အလုပ်မှန်သမျှ လုပ်ကောင်းတယ်၊ အကုသိုလ်ဖြစ်တဲ့အလုပ်မှန်သမျှ မလုပ်ကောင်းဘူး၊ ဒီလိုပဲ သတ်မှတ်တယ်၊ တချို့ကျတော့ ဒါလုပ်ကောင်းလား မလုပ်ကောင်းဘူးလား၊ တချို့ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးကောင်းလား မေးတဲ့လူကရှိသေးတယ်နော်၊ သြော် ဒါ သံဃာတွေ သီတင်းသုံးနေတဲ့နေရာပဲ၊ ဘုရားကျောင်းကန်တွေရှိတယ်၊ respect ပေးလို့ ချွတ်ရင်ကုသိုလ်ရတယ်၊ ဒါမှန်တယ်၊ မချွတ်ချင်ဘူးဆိုရင်လဲ မလေးမစားလုပ်တာ မဟုတ်ရင် အကုသိုလ်မဖြစ်ဘူး။

သံဃာတွေနဲ့တွေ့ရင် ချွတ်တယ်၊ သို့သော် ဗမာပြည်မှာ လိုက်နာမှုနှစ်ခုဟာ ဆန့်ကျင်နေတာ တစ်ခုရှိတယ်၊ ဘုန်းကြီးကျောင်းထဲဝင်ရင် စက်ဘီးပေါ်ကမဆင်းဘူး၊ မော်တော်ဆိုင်ကယ်ပေါ်က မဆင်းဘူး၊ ဖိနပ်တော့ချွတ်တယ်၊ ဒါ အဓိပ္ပါယ်မရှိဘူးနော်၊ ဖိနပ်ထက် မော်တော်ဆိုင်ကယ်တို့၊ ကားတို့က ပိုကြီးတဲ့ယာဉ်ပဲ၊ အဲဒီတော့ ဆိုလိုတာက ကားပေါ်ကဆင်းပြီး ဖိနပ်စီးလာတာ အကောင်းဆုံးပဲပေါ့၊ ဒီလိုဆိုလိုတာပေါ့၊ ရှေးတုန်းကဆိုရင် ဘုရားကျောင်းကန် ဝင်လို့ရှိရင် ဆင်တွေ၊ မြင်းတွေကို အပြင်ဘက်မှာ ထားခဲ့တယ်၊ ဖိနပ်စီးပြီးဝင်လာကြတယ်၊ ဘုရားနဲ့တွေ့တဲ့အခါကျတော့မှ ဖိနပ်ချွတ်ပြီး ရှိခိုးကြတယ်၊ ဒီလိုကျောင်းထဲမှာ ဖိနပ်မစီးရဘူးဆိုတဲ့ အယူအဆတစ်ခုဟာ အလေးပြုရာကနေ ပေါ်လာတာ၊ သို့သော် ရည်ရွယ်ချက်ကောင်းရင် အပြစ်ရှိတယ်လို့ ပြောလို့မရဘူး၊ စီးသည့်အတွက်ကြောင့် အပြစ်မရှိဘူး၊ စော်ကားလို၍ လုပ်ရင်တော့ အပြစ်ရှိတယ်၊ လေးစားလို့ လုပ်တယ်ဆိုရင် ကုသိုလ်ကောင်းမှုရတယ်၊ ကောင်းတဲ့အလုပ်လုပ်တယ် ဒီလိုပြောရမယ်၊ ဘုန်းကြီးတို့ရွာမှာဆိုရင် ကျောင်းထဲမပြောနဲ့ ကျောင်းရှေ့ကဖြတ်သွားရင်တောင် ဖိနပ်ချွတ်သွားကြတယ်၊ ဒါ အစဉ်အလာ တစ်ခုပဲနော်။
tradition လို့ခေါ်တယ်၊ ဘုရားက ချွတ်ခိုင်းတာ မဟုတ်ဘူး၊ ဘုန်းကြီးတွေ ရွာထဲသွားရင် ဖိနပ်မစီးရဘူး၊ အခုတော့လဲ စီးနေကြတာပဲ။

အဲဒီလို ပြောင်းတိပြောင်းပြန်တွေပေါ့၊ ဘုရားဆုံးမတာတွေနဲ့ တချို့ဟာ ပြောင်းတိပြောင်းပြန်တွေ ဖြစ်တယ်ပေါ့၊ တချို့က သိမ်ထဲကို အမျိုးသမီး မဝင်ကောင်းဘူးလို့ ပြောကြတယ်၊ မဟုတ်ပါဘူး၊ မဝင်ကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး၊ ကိုယ့်လောက်မှ တန်ဖိုးမရှိတဲ့ အိမ်မြှောင်တွေတောင် သိမ်ထဲမှာနေကြတာပဲ၊ အမျိုးသမီးက အိမ်မြှောင်ထက် မြတ်ပါသေးတယ်၊ ဆိုလိုတာက ဒီ မှားမှားယွင်းယွင်း ပြောဆိုရင်းကနေ ဒီလိုဖြစ်လာတယ်၊ ရှင်သာရိပုတ္တရာတို့ သမုတ်တဲ့သိမ်က ရာဇဂြိုဟ်မြို့ ကျောင်းကြီးတစ်ဆယ့်ရှစ်ကျောင်းကို ခြုံပြီးတော့ သိမ်တစ်လုံးထဲ သမုတ်ထားတယ်၊ အဲဒီထဲမှာ အမျိုးသမီးတွေကော၊ အမျိုးသားတွေကော၊ အိမ်တွေကော၊ ရွာတွေကော အကုန်လုံးရှိနေတာပဲနော်၊ ဒါကြောင့်မို့ မဝင်ကောင်းဘူးဆိုတာမဟုတ်ဘူး။

တစ်နေ့က ဘုန်းကြီးတစ်ပါးက ဖုန်းဆက်ပြီးတော့ မေးတယ်၊ ဆရာတော် သိမ်ထဲမှာ အိမ်သာ "ကုဋီ" ဆောက်ချင်လို့ ဆောက်လို့ရသလား၊ သိမ်ထဲမှာ ကုဋီဆောက်ကောင်းလားလို့မေးတယ်၊ ရှင်သာရိပုတ္တရာ သမုတ်တဲ့သိမ်ထဲမှာတော့ ဘယ်ကုဋီတင်ကမှာတုန်း၊ သိမ်ဆိုသည်မှာ ရဟန်း၊ သံဃာတွေအတွက် ကံဆောင်ဖို့ရာအတွက် ဧရိယာလေးတစ်ခု သတ်မှတ်တာပဲရှိတယ်၊ အဲဒါတွေ မဆိုင်ဘူးလို့ အဲဒီလို ပြောပြလိုက်ရတယ်၊ သိမ်ထဲမယ် မလုပ်ကောင်းဘူး ဒီလိုမရှိပါဘူးလို့ ကိုယ့်ဟာကိုယ် သင့်တော်၏ မသင့်တော်၏ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တာပေါ့နော်၊ အေး ဒါကြောင့်မို့လို့ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေထဲမယ် ဘုရားအဆုံးအမတွေ မှန်မှန်ကန်ကန် သိကြဖို့ရာ အင်မတန်မှ အရေးကြီးတယ်။

မြန်မာ့သတင်းထူးသတင်းဦး fbမှ
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

Thursday, November 3, 2016

ဘာတွေလည်း
***********

ဗုဒ္ဓဘာသာဝင် အများစုဟာ ပါးစပ်ကသာ
ဗုဒ္ဓဘာသာဝင်ပြောကြတာ တကယ့်လက်တွေ့ မှာတော့ လွဲချော်မှု့တွေ ရှိနေပြီး တကယ့်ထေရဝါဒ ဗုဒ္ဓဘာသာဝင် မဖြစ်သေးပါဘူး

ကုသိုလ်လိုချင်လို့ သွားတယ် ဘုရားရောက်တော့
မရှိခိုးသေးဘူး ဘာနေ့ သား ဆိုပြီး မိမိမွေ့ နေ့ နဲ့ 
နေ့ သင့်နံသင့် ဂြိုဟ်တိုင်လိုက်ရှာတယ် ပြီးမှ ဘုရားရှိခိုးတယ် ဂြိုဟ်တိုင်က အကျိုးပေးတာလား
စေတနာက အကျိုးပေးတာလား ခုထိ မကွဲသေးဘူး

အကြံပေးချင်ပါတယ် ဂြိုဟ်တိုင်ရှိခိုးဖို့ သွားတာဆိုရင် ဘုရားကိုသွားမနေပါနဲ့ 
သွားလို့ ကုန်မဲ့ ခရီးစရိတ်ကို မုန့် ဝယ်စားလိုက်ပါ
ဗိုက်ပြည့်ပါတယ်

ဒက္ခိဏသာခါ ဘုရားက မီးကွင်း တယ်ဆိုပြီး ပူဇော်တယ် ဘုရားကို မိမိအိမ်မီးမလောင်ဖို့  မီးကင်းစောင့်ခိုင်းသလိုဖြစ်နေတယ်

အကြံပေးပါ့မယ် မီးလောင်မခံချင်ရင် မီးသတ် နဲ့ 
အနီးဆုံးမှာ အိမ်ဝယ်ပြီးသွားနေပါ လောင်ခဲ့ရင်တောင် အချိန်မီငြိမ်းသတ်
နိုင်ပါလိမ့်မယ်

နေ့ ချင်း ညချင်း ကြီးပွားအောင်ဆိုပြီး ပုဂံနှစ်ချပ်မှာ ဂျင်းတက်တွေတင်ထားပြီး မီးထွန်းတယ် ယုတ္ထိရှိပါ့မလား ဂေါတမဗုဒ္ဓလမ်းစဉ်က ကိုယ်လုပ်မှ ကိုယ်ရမှာ
ကိုယ်လုပ်သလောက်ရမှာ ဆိုတော့ လွဲမနေဘူးလား

အကြံပေးချင်ပါတယ် နေ့ ချင်း ညချင်း ကြီးပွားချင်ရင် ဘဏ်ကို ဓားပြ သွားတိုက်ပါ
အဲဒါ ပိုပြီးသေချာပါတယ်

ဖရဲသီး ဘုရားကို ကပ်ရင် ဖရိုဖရဲုဖြစ်တတ် တယ်
ဆိုပြီး မကပ်ကြဘူး ဆိုတော့ ဂေါတမ ဗုဒ္ဓက
ဖရဲသီး ဘုန်းပေးပိုင်ခွင့် မရှိတော့ဘူးလားလို့ 
မေးချင်ပါတယ်

အကြံပေးချင်ပါတယ် ဖရိုဖရဲ
မဖြစ်ချင်ရင် တဦးနဲ့ တဦး ကြိုးနဲ့ ကပ်ပြီး တုပ်ထားကြပါ အဲဒါ ဖရိုဖရဲ မဖြစ်တော့ပါဘူး

အောင်သပြေ ကပ်တိုင်း
အောင်မြင်မယ်ဆိုရင်

ကံ့ကော်ကပ်တိုင်း
ကံကောင်းမယ်ဆိုရင်

ကြံကပ်တိုင်း
အကြံအစည်အောင်မြင်မယ် ဆိုရင်

အကြံပေးပါရစေ
ဘာအလုပ်မှ မလုပ်ပဲ
အဲဒီပန်းတွေ စိုက်ပြီး ရောင်းကြပါလား

ဒါပေမဲ့
သူများဘာသာတွေကမေးရင်
ဗုဒ္ဓဘာသာလို့ တော့
မပြောကြပါနဲ့ နော်

ဗုဒ္ဓဘာသာဆိုတာ
အချောင်လိုချင်တဲ့ ဘာသာ များလား ဆိုပြီး
သူများတွေ အထင်လွဲသွားမှာစိုးလို့ ပါ

အော် - - - ဘုရားရှင်တောင် မိမိဘဝအောင်မြင်ဖို့ အတွက် အဖြည့်ခံဖြစ်နေရတာ
တော်တော်လေးကို နေရာမကျတာပဲ

လေးအသင်္ချေ ကမ္ဘာတစ်သိန်း
ပေးဆပိခဲ့ရတာတွေကို
အားနာဖို့ တော့ ကောင်းပါတယ်

ဦးမြင့်ခိုင်
မူလ ဦးမြင့်ခိုင် FB

Wednesday, November 2, 2016

" မိမိကိုယ်ကို တည်ဆောက်မယ် "

••••••••••••••••••••••••••••••••••••

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ရာဇဂြိုလ်ပြည် ၊ ဝေဠုဝန်ကျောင်းမှာ သတင်းသုံး နေပါတယ် ၊ ညချမ်းရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်ကို ကြွတော်မူတယ် ။

ရှင်ရာဟုလာက မြတ်စွာဘုရား အတွက် နေရာခင်းခြင်း ၊ ခြေဆေးပေးခြင်းများ ပြုပါတယ် ၊ မြတ်စွာဘုရားက ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး " တရားစကား သြဝါဒ " ပေးတော်မူတယ် ။
----------------------------------------------

ချစ်သားရာဟုလာ ၊ အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် . . .

-မလုပ်ခင် စဉ်းစားလိုက်ပါဦး ၊
-လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး ၊
-လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး ၊
-မိမိလုပ်မယ့်အလုပ်ဟာ မိမိ ၊ သူတပါး ထိခိုက်နိုင်တယ် ဆိုရင် မလုပ်ပါနဲ့တော့ ၊

ချစ်သားရာဟုလာ ၊ အပြောတစ်ခုကို ပြောတော့မယ် ဆိုရင် . . .

-မပြောခင် စဉ်းစားလိုက်ပါဦး ၊
-ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး ၊
-ပြောပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး ၊
-မိမိ ၊ သူတပါး ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့တော့ ။

ချစ်သားရာဟုလာ ၊ အတွေးတစ်ခုကို တွေးတော့မယ် ဆိုရင်လည်း. . . .

-မတွေးခင် စဉ်းစားလိုက်ပါဦး ၊
-တွေးဆဲမှာလည်း စဉ်းစားလိုက်ပါဦး ၊
-တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး ၊
-မိမိ ၊ သူတပါး ထိုက်ခိုင်နိုင်တယ်ဆိုရင် မတွေးပါနဲ့တော့ ၊

မြတ်စွာဘုရားရှင်က ကံသုံးပါးကို စင်ကြယ်အောင် လုပ်ဖို့ ဟောပြလိုက်တဲ့အခါ ရှင်ရာဟုလာ ကျေနပ်ပီတိ ဖြစ်သွားတယ် ။

( မဇ္ဈိမပဏ္ဏာသပါဠိတော် -မဟာရာဟုလောဝါဒသုတ် )
-----------------------------------------

အဇာတသတ်မင်းဟာ သာမညဖလသုတ်ကို နာပြီး အဆုံးမှာ သောတာပန် တည်ဖို့ပါ ၊ ဒါပေမယ့် တည်မသွားရှာဘူး ၊ ဘာဖြစ်လို့လဲ ?

မဟာဓနသူဌေးသား လင်မယား နှစ်ယောက်ဟာ ပထမအရွယ် ၊ ဒုတိယအရွယ် ၊ တတိယအရွယ် မှာ တရားအားထုတ်လိုက်ရင် တရားထူး၊ တရားမြတ် ရဖို့ပါ ၊ ဒါပေမယ့် ရမသွားရှာဘူး ၊ ဘာဖြစ်လို့လဲ ?

ကဲ. . . . ဖြေကြည့်ပါဦး ၊
ယျေဘူယျအားဖြင့် ဖြေရင် . . .
-ဒေဝဒတ်ကို ပေါင်းလို့ ၊
-အဖကို သတ်လို့ ၊ လို့ ဖြေရမှာပါပဲ ။

ဒါပေမယ့် . . .မိမိကိုယ်ကိုမိမိ တည်ဆောက်နေတဲ့သူဟာ အဖေကို မသတ်ပါဘူး ၊ ဒါကြောင့် အဖြေကတော့ မိမိကိုယ်ကို မတည်ဆောက်လို့ပါပဲ ။
--------------------------------------------
ဆိုလိုတာက ပါရမီတွေ ဘယ်လောက်ပဲပါခဲ့ပါခဲ့
ဒီဘဝ မိမိကိုယ်ကို မတည်ဆောက်နိုင်ရင် တရားထူး ၊ တရားမြတ်တွေနဲ့ ဝေးသွားရပါတယ် ။ ပါရမီမပါခဲ့သူဆိုရင်တော့ အထူးပြောနေစရာ မလိုတော့ပါဘူး ၊

ပစ္ဆိမဘဝိကပုဂ္ဂိုလ် ဆိုရင်တော့ ပြသနာ မရှိဘူးပေါ့ ၊
ပစ္ဆိမဘဝိကပုဂ္ဂိုလ်ဆိုတာ = ဒီဘဝမှာ ဧကန်မုချ ရဟန္တာ ဖြစ်ရမယ့်သူပါ ။ ဥပမာ အင်္ဂုလိမာလတို့ ၊ သန္တတိ အမတ်ကြီး တို့ပါ ၊

ဒီနေရာမှာ ပုဂ္ဂိုလ်သုံးမျိုး ထွက်လာပါတယ် ၊
၁။ပါရမီ မပါခဲ့သူရယ် ၊
၂။ ပါရမီ ပါခဲ့သူရယ် ၊
၃။ ပစ္ဆိမဘဝပုဂ္ဂိုလ် ရယ် ၊

အဲဒီထဲမှာ နံပါတ်( ၃ ) ပုဂ္ဂိုလ်ပဲ စိတ်ချရပါတယ် ၊ ကျန်နှစ်ယောက်က စိတ်မချရသေးပါဘူး ၊

ဥပမာ . . အဇာတသတ် ၊ တရားထူးရဖို့ ပါရမီပါခဲ့တာပဲ ၊ မိမိကိုယ်ကို မတည်ဆောက် နိုင်တဲ့အတွက် တရားထူးနဲ့ ဝေးခဲ့ရတယ် ၊

ပသေနဒီကောသလမင်းကြီးတို့ ၊ ဝေရဉ္ဇပုဏ္ဏား တို့ကျတော့ မြတ်စွာဘုရားနဲ့ အကြာကြီး တွေ့ရပေမယ့် ပါရမီမပါခဲ့လို့ တရားထူး မရခဲ့ဘူး ။

စာဖတ်သူကော ဘယ်ပုဂ္ဂိုလ်ထဲမှာ ပါပါသလဲ ?
--------------------------------------------
တချို့ အနုပညာသည်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြတယ် ၊ ဘာဖြစ်လို့လဲ မေးရင် ဆေးချလို့ ၊ အရက်သောက်လို့ ဖြေကြမှာပါ ၊

ဒါပေမယ့် မိမိကိုယ်ကို တည်ဆောက်တဲ့သူဟာ ဘယ်တော့မှ ဆေးမချပါဘူး ၊ အရက် မသောက်ပါဘူး ၊ အဖြေက မိမိကိုယ်ကို မတည်ဆောက်လို့ပါ ၊

ဒါတွေကို ထောက်ပြီး မိမိကိုယ်ကို တည်ဆောက် ခြင်း ဟာ လူတစ်ယောက်ရဲ့ဘဝမှာ သိပ်အရေးကြီးပါတယ် ။
-----------------------------------------
ကျေးဇူးတော်ရှင် သပြေကန်ဆရာတော် ဘုရားကြီးက ပရိတ်ကြီးနိဿယသစ်မှာ " မိမိကိုယ်ကို တည်ဆောက်ဖို့ " အတွက် မဟာရာဟုလောဝါဒသုတ်ကို လက်ကိုင်ထား လိုက်ပါတဲ့ ။

မဟာရာဟုလောဝါဒသုတ် ဆိုတာ . .
အစမှာ ဖော်ပြခဲ့တဲ့ မြတ်စွာဘုရားရဲ့ တရားသြဝါဒ ပါပဲ ။

လိုရင်းအဓိပါယ်က ကံသုံးပါးကို စောင့်ထိန်း လိုက်ဖို့ပါ ၊

တကယ်သေချာ စဉ်းစားကြည့်လိုက်ရင် လူတွေဟာ မိုးလင်းကနေ မိုးချုပ်ထိ ဒီကံသုံးပါးနဲ့ ပဲ ဆက်ဆံနေရတာပါ ၊ မိုးလင်းကနေ မိုးချုပ်တောင် မဟုတ်ပါဘူး ။ မသေမချင်း ဆက်ဆံနေရတာပါ ။

လောကမှာ သိက္ခာပုဒ်တွေ ဘယ်လောက်များများ ဒီကံသုံးပါးကို စောင့်ထိန်းလိုက်တာနဲ့ မိမိကိုယ်ကို ဆောက်တည်ပြီးသား ဖြစ်သွားတာပါ ၊
------------------------------------------------

ပုထုဇဉ်ဆိုတာ ကိလေသာ မကင်းသေးတဲ့ အတွက် အကုသိုလ်တွေကို တခါတလေ ပြုမိကြမှာပါ ၊ တကယ်လို့ အကုသိုလ်တစ်ခုခုကို ပြုမိခဲ့ရင်လည်း . . .
နောင်ဘယ်တော့မှ မလုပ်တော့ဘူး ဆိုတဲ့စိတ်နဲ့ စဉ်းစားဆင်ခြင်ရမှာပါ ။

စာမှာ ပြထားတာက အကုသိုလ်တစ်ခုခုကို စဉ်းစားမိပြီး မကောင်းမှန်းသိရင် . . .
ဆရာသမား ၊ ပညာရှိ ၊ မိတ်ဆွေသူငယ်ချင်း ဆီမှာ ဖြစ်ဖြစ် ဖွင့်ဟ ပြောကြားပြီး နောင်ဘယ်တော့မှ မလုပ်တော့ဘူးလို့ စိတ်မွေး ရမှာပါတဲ့ ၊

အဲဒီမှာ တစ်ဦးဦးဆီမှာ မိမိမကောင်းတာ လုပ်ခဲ့တာကို ဖွင့်ဟပြောကြားရမယ် ဆိုတာ
ဖွင့်ဟ ပြောကြားရဲပါ့မလား ?
--------------------------------------------

အဲဒီတော့ စာရေးသူက အကြံပေးပါမယ် ၊

မကောင်းတာ တစ်ခုခုလုပ်ပြီးရင် ဘုရားခန်းထဲ သွားလိုက်ပါ ၊ မြတ်စွာဘုရားကို ဦးချ
" ဘုရားတပည့်တော်သည် ဤသို့သောနည်းဖြင့်
ဒီလိုအကုသိုလ်မျိုးကို နောက်ထပ်တဖန် ဘယ်တော့မှ မပြုတော့ပါဟု ဆိုလိုက်ပါ ၊

ဒါကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး က အာသီဝိသောပမသုတ် တရားတော်မှာ လူဒေသနာကြား တာလို့ မိန့်ထားပါတယ် ။

ရဟန်းတစ်ပါးပါး မပြစ်သင့်ပြီ ၊ အာပတ်သင့်ပြီ ဆိုရင် ရဟန်းတော်တပါးပါးဆီ သွားပြီး အာပတ် ဖြေရပါတယ် ။

ဒါပေမယ့် လူတွေအနေနဲ့ ကိုယ်အပြစ်တခု ကျူးလွန်တာ အခြားတစ်ယောက်ကို ဖွင့်ဟပြောကြားဖို့ ဆိုတာ တော်ရုံသတ္တိနဲ့ မလွယ်ပါဘူး ။

ဒါကြောင့် ဘယ်သူမှ မရှိတုန်း ဘုရားရှေ့မှာ သွားလျှောက်တာက လူတိုင်း လုပ်နိုင်ကြပါတယ် ။ ဒီနေရာမှာ အဓိက နှလုံးသွင်းရမှာက . . ." နောင် စောင့်စည်းလိုစိတ် " ပါ ။

အပြစ်ကတော့ ပြုမိချင် ပြုမိကြမှာပါ ။ ပြုမိပေမယ့် နှလုံး မသာမယာစိတ် ဖြစ်မနေပဲ မြတ်စွာဘုရားရှေ့မှာ ဖွင့်ဟလျှောက်ထားပြီး နောင်ဘယ်တော့မှ မပြုတော့ဘူး လို့ " အဓိဋ္ဌာန် လိုက်ရမှာပါ "

ဘာပဲပြောပြော ပစ္ဆိမဘဝိကပုဂ္ဂိုလ် ( ရဟန္တာ ) မဟုတ်သေးဘူး ဆိုရင် ဘယ်သူမှ စိတ်မချရသေးဘူး ဆိုတာကိုတော့ ရင်ထဲကို အသေ ထည့်ထားလိုက်ဖို့ပါပဲ ။

ကျမ်းကိုး
ပရိတ်ကြီးနိဿယသစ် ၊ အတ္တသမ္မာဏိသစ် ၊ သပြေကန် ဆရာတော် ။

ရဝေနွယ် ( အင်းမ )
စိတ်ညစ်ရင် ရေချိုးပါ ( စာ-၃၂-၃၉ ) အကျဉ်းအား ကောက်နုတ်ပူဇော်ပါ၏

credit ဓမ္မ နှစ်သက်သူ fb

ပဋ္ဌာန်း

ပဋ္ဌာန်းမေတ္တာပို့

၁။ ဟေတုပစ္စယော - သတ္တဝါအားလုံး- မကောင်းသော လောဘ၊ဒေါသ၊မောဟ အကုသိုလ်ဟိတ်တရားတို့ကို ပယ်ရှားနိုင်ကြ၍ ကောင်းမြတ်သော အလောဘ၊ အဒေါသ (မေတ္တာ)၊အမောဟ (ပညာ) ကုသိုလ်ဟိတ် တရားတို့သာ အမြစ်သဖွယ် ကိန်းတည်ကြပြီးကောင်းမြတ်သော စိတ်၊ စေတသိက်၊ ရုပ် တရားတို့သာနိဗ္ဗာန်ထိတိုင် တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။

၂။ အာရမ္မဏပစ္စယော- သတ္တဝါအားလုံး- မကောင်းသော ရူပါရုံ၊သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ဖောဋ္ဌဗ္ဗာရုံ၊ဓမ္မာရုံတို့နှင့ မတွေ့ကြုံကြဘဲ ကောင်းမြတ်သော အာရုံများနှင့်သာ တွေ့ကြုံကြ၍ ကောင်းမြတ်သော အကျိုးတရားတို့ကိုသာ ရရှိခံစားနိုင်ကြပါစေ။

၃။ အဓိပတိပစ္စယော - သတ္တဝါအားလုံးတို့၏ သန္တာန်၌ မထက်မြက်သော ညံ့သောဆန္ဒ၊ ဝီရိယ၊ စိတ်၊ပညာ တရားတို့ အကြီးအမှူးဦးစီးဦးဆောင်မပြုကြဘဲ ထက်မြက်သော ကောင်းသော ဆန္ဒ၊ဝီရိယ၊စိတ်၊ပညာ တရားတို့သာ အကြီးအမှူးဦးစီးဦးဆောင်ပြုကြလျက် အလွန်အကြူးအထူးကြီးကျယ် မြင့်မြတ်သော အကျိုးတရားတို့သာရရှိခံစားနိုင်ကြပါစေ။

၎။ အနန္တရပစ္စယော - သတ္တဝါအားလုံး-မကောင်းသောစိတ်၊စေတသိက်(နာမ်) တရားတို့ အကြားအလပ်မရှိ ဆက်ကာ ဆက်ကာမဖြစ်ကြဘဲ၊ ကောင်းမြတ်သောစိတ်၊ စေတသိက်(နာမ်) တရားတို့သာ အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆက်ကာ ဆက်ကာ ဖြစ်ပွားနိုင်ကြပါစေ။

၅။ သမနန္တရပစ္စယော- သတ္တဝါအားလုံး-မကောင်းသောစိတ်၊စေတသိက်(နာမ်) တရားတို့ (ကောင်းစွာ) အကြားအလပ်မရှိ ဆက်ကာဆက်ကာ မဖြစ်ကြဘဲ၊ကောင်းမြတ်သောစိတ်၊စေတသိက်(နာမ်) တရားတို့သာ (ကောင်းစွာ) အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆက်ကာဆက်ကာဖြစ်ပွားနိုင်ကြပါစေ။

၆။ သဟဇာတပစ္စယော - သတ္တဝါအားလုံး -မကောင်းသော ရုပ်၊နာမ်တရားများအတူတကွ မဖြစ်ကြဘဲ ကောင်းသော ရုပ်၊နာမ်တရားများသာ အတူတကွ ဖြစ်နိုင်ကျေးဇူးပြုနိုင် ကြပါစေ။

၇။ အညမညပစ္စယော- သတ္တဝါအားလုံး- မကောင်းသော ရုပ်၊နာမ်တရားများနှင့်အချင်းချင်းယှဉ်တွဲ၍ အပြန်အလှန် ကျေးဇူးမပြုကြဘဲကောင်းမြတ်သော ရုပ်၊ နာမ်တရားများတို့နှင့်သာ အချင်းချင်းယှဉ်တွဲ၍ အပြန်အလှန် ကျေးဇူးပြုမှုကို ခံစားနိုင်ကြပါစေ။

၈။ နိဿယပစ္စယော - - သတ္တဝါအားလုံး- မကောင်းသော ရုပ်၊နာမ်တရားတို့၌မှီ၍ မဖြစ်ကြဘဲ၊ကောင်းမြတ်သော ရုပ်၊နာမ်တရားတို့၌သာ အမှီပြု၍ ကောင်းကျိုးအမျိုးမျိုးတို့ကိုသာခံစားနိုင်ကြပါစေ။

၉။ ဥပနိဿယပစ္စယော - သတ္တဝါအားလုံး- မကောင်းသော ပညတ်၊နာမ်၊ ရုပ် တရားတို့နှင့် မကောင်းသော မိဘ၊ မကောင်းသော ဆရာ၊မိတ်ဆွေ၊ရာသီဥတု၊ နေရာထိုင်ခင်း၊ အစားအသောက်တို့၌အားကြီးသော မှီရာအဖြစ် အမှီမပြုကြရဘဲ ကောင်းသော ပညတ်၊နာမ် ရုပ် တရားများနှင့်ကောင်းမြတ်သော မိဘ၊ဆရာ၊ မိတ်ဆွေ၊ ရာသီဥတု၊နေရာထိုင်ခင်း၊အစားအသောက်တို့၌ သာအားကြီးသောမှီရာအဖြစ် မှီကြရ၍ ကောင်းကျိုး အမျိုးမျိုးတို့ကိုသာခံစားရရှိနိုင်ကြပါစေ။

၁၀။ ပုရေဇာတပစ္စယော- သတ္တဝါအားလုံး-မကောင်းသော အာရုံ၅ ပါးရုပ်တရား၊ဝတ္ထုရုပ်တရားများ ရှေးဦးကြိုတင်မဖြစ်ကြဘဲ ကောင်းမြတ်သော အာရုံ၅ ပါး ရုပ်တရားများ၊ဝတ္ထု ရုပ်တရားများသာ ရှေးဦးကြိုတင် ဖြစ်နှင့်ကြ၍ ကောင်းမြတ်သော ကုသိုလ်တရား၊ အကျိုးဝိပါတ်တရားတို့သာ တိုးပွားဖြစ်ထွန်းနိုင်ကြပါစေ။

၁၁။ ပစ္ဆာဇာတပစ္စယော - သတ္တဝါအားလုံးတို့၏ ဖြစ်နှင့်ပြီးသောရှေးရှေးရုပ်တရားအားနောက်နောက်မှ ဖြစ်သော နာမ်တရားများကကျေးဇူးပြုရာတွင မကောင်းသော အကုသိုလ်နာမ်တရားတို့၏ ကျေးဇူးပြုမှုကို မခံကြရဘဲ ကောင်းမြတ်သော ကုသိုလ်၊အဗျာကတ နာမ်တရားတို့၏ ကျေးဇူးပြုမှုကိုသာခံယူနိုင်ကြပါစေ။

၁၂။ အာသေဝနပစ္စယော - သတ္တဝါအားလုံး-မကောင်းသော အကုသိုလ်တရားများအဖန်တလဲလဲ ထုံခြင်းသဘောဖြင့်ထပ်ကာ ထပ်ကာ မဖြစ်ပွားကြဘဲ ကောင်းမြတ်သောကုသိုလ်တရားကြိယာအဗျာကတ တရားတို့သာ မဂ်ဖိုလ်နိဗ္ဗာန်တိုင်ထိ အဖန်တလဲလဲထုံခြင်းဖြင့်ထပ်ကာထပ်ကာ ဖြစ်ပွားနိုင်ကြပါစေ။

၁၃။ ကမ္မပစ္စယော -သတ္တဝါအားလုံး- မကောင်းသော စေတနာကံတရားတို့ကိုမပြုလုပ်ဖြစ်ကြဘဲ၊ ကောင်းမြတ်သောစေတနာကံတရားတို့ကိုသာ ပြုလုပ်ဖြစ်ကြ၍ ယခုဘဝနောင်ဘဝ နိဗ္ဗာန်တိုင်ထိ ကောင်းကျိုးအဆက်ဆက်တို့ကိုသာခံစားရရှိနိုင်ကြပါစေ။

၁၄။ ဝိပါကပစ္စယော - သတ္တဝါအားလုံး- ကောင်းမြတ်သော အကျိုးတရားတို့ကိုသာအဆက်မပြတ် ရရှိပိုင်ဆိုင်ကြ၍ ထိုမှတဆင့် ကောင်းမြတ်သော အကျိုးတရားအမျိုးမျိုးတို့ ကိုသာနိဗ္ဗာန်တိုင်ထိ ထပ်ကာထပ်ကာ ရရှိခံစားနိုင်ြ ကပါစေ။

၁၅။ အာဟာရပစ္စယော - သတ္တဝါအားလုံး-ရရှိထားကြသော နာမ်ရုပ်ခန္ဓာကြီးအားမကောင်းသော ရုပ်အာဟာရ သြဇာဓာတ်များ၊မကောင်းသော နာမ်အာဟာရ ဓာတ်များဖြင့်အထောက်အပံ့မပြုကြဘဲ ကောင်းမြတ်သောရုပ် နာမ်အာဟာရဓာတ် တို့ဖြင့်သာ အထောက်အပံ့ပြုဖြစ်ကြ၍ နိဗ္ဗာန်ကိုလွယ်ကူစွာ မျက်မှောက်ပြုနိုင်ကြပါစေ။

၁၆။ ဣန္ဒြိယ ပစ္စယော - သတ္တဝါအားလုံး- မကောင်းသော ရုပ်နာမ်တရားတို့၏ လွှမ်းမိုးအုပ်ချုပ် ချယ်လှယ်မှုကို မခံကြရဘဲ ကောင်းမွန်သော ရုပ်နာမ်တရားတို့၏ လွှမ်းမိုးအုပ်ချုပ် ချယ်လှယ်မှုတို့ကိုသာနိဗ္ဗာန်တိုင်ထိ ရရှိခံစားနိုင်ကြပါစေ။

၁၇။ ဈာနပစ္စယော- သတ္တဝါအားလုံး- မကောင်းသော အကုသိုလ်တရားတို့၌စူးစူးစိုက်စိုက်အာရုံမပြုဖြစ်ကြဘဲ ကောင်းမြတ်သောကုသိုလ်တရားတို့၌သာ စူးစူးစိုက်စိုက အာရုံပြုနိုင်ကြ၍ နိဗ္ဗာန် တိုင်ထိ ကောင်းကျိုးတရားတို့ကို ရရှိနိုင်ကြပါစေ။

၁၈။ မဂ္ဂပစ္စယော- သတ္တဝါအားလုံး- ဒုဂ္ဂတိဘုံသို့ ရောက်စေတတ်သည့် မကောင်းသော အကုသိုလ် မဂ္ဂင်ခရီး လမ်းကြောင်းကို မလျှောက်ဖြစ်ကြဘဲသုဂတိဘုံ နိဗ္ဗာန်ဘုံတို့ကိုသာရောက်စေနိုင်သော ကောင်းမြတ်သော ကုသိုလ်မဂ္ဂင်လမ်းကြောင်းကိုသာ လျှောက်လှမ်းနို င်ကြပါစေ။

၁၉။ သမ္ပယုတ္တပစ္စယော - သတ္တဝါအားလုံး- မကောင်းသော စိတ် စေတသိက်နာမ်တရားအချင်းချင်းအညီအညွတ် ယှဉ်တွဲပေါင်းစပ်ခြင်းမပြုကြဘဲကောင်းသောစိတ် စေတသိက် နာမ်တရားအချင်းချင်းတို့သာအညီအညွတ် ယှဉ်တွဲပေါင်းစပ်၍ နိဗ္ဗာန်တိုင်ထိ သွားနိုင်ကြပါစေ။

၂၀။ ဝိပ္ပယုတ္တပစ္စယော- သတ္တဝါအားလုံး- အချင်းချင်း အညီအညွတ်မယှဉ်တွဲသောအားဖြင့် ရုပ်နာမ်တရားတို ကျေးဇူးပြုရာ၌မကောင်းသော ရုပ်နာမ်တရားတို မယှဉ်တွဲသောအားဖြင့် ကျေးဇူးမပြုကြဘဲ ကောင်းမြတ်သောနာမ်တရားတို့က ကောင်းမွန်သော ရုပ်တရားတို့ကို၊ကောင်းမွန်သော ရုပ်တရားတို့က ကောင်းမြတ်သောနာမ်တရားတို့ကိုမယှဉ်တွဲသောအားဖြင့် ကျေးဇူးပြုနိုင်ကြ၍ နိဗ္ဗာန်တိုင်ထိ ကောင်းကျိုးအမျိုးမျိုးတို့ကိုသာရရှိခံစားနိုင်ကြပါစေ။

၂၁။ အတ္ထိပစ္စယော - သတ္တဝါအားလုံး- မကောင်းသော ရုပ်နာမ်တရားတို့ထင်ရှားစွာ မဖြစ်ပေါ်ကြဘဲ ကောင်းသော ရုပ်နာမ် တရားတို့သာ ထင်ရှားစွာဖြစ်ပေါ်ကြ၍ ကောင်းကျိုးအမျိုးမျိုးတို့သာ နိဗ္ဗာန်တိုင်ထိ တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။

၂၂။ နတ္ထိပစ္စယော -သတ္တဝါအားလုံး- မကောင်းသော နာမ်တရားတို့ ချုပ်ငြိမ်းသွားခြင်းမရှိတော့ခြင်းဖြင့် ကောင်းသော နာမ်တရားတို့သာ နိဗ္ဗာန်တိုင်ထိ အစားထိုးကာ ဆက်လက်ဖြစ်ပွားနိုင်ကြပါစေ။

၂၃။ ဝိဂတပစ္စယော- သတ္တဝါအားလုံး- မကောင်းသော နာမ်တရားတို့ ကင်းစင်သွားခြင်း၊မရှိတော့ခြင်းဖြင့် ကောင်းသော နာမ်တရားတို့သာ နိဗ္ဗာန်တိုင်ထိ အစားထိုးကာ ဆက်လက်ဖြစ်ပွားနိုင်ကြပါစေ။

၂၄။ အဝိဂတပစ္စည်း- သတ္တဝါအားလုံး- မကောင်းသော ရုပ်နာမ်တရားတို့မကင်းသောအားဖြင့်မဖြစ်ပေါ်ကြဘဲ ကောင်းသော ရုပ်နာမ်တရားတို့သာမကင်းကွာသောအာြး ဖင့် ဖြစ်ပေါ်ကြ၍ ကောင်းကျိုးအမျိုးမျိုးတို့သာ နိဗ္ဗာန်တိုင်ထိ တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။

(အဘိဓမ္မာနှင့်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း-သာသနာရေးဦးစီးဋ္ဌာနမှ)

Copy...
မူလ
နှလုံးသားမှာဘုရားတည် fb

Tuesday, November 1, 2016

အသုဘ

အသုဘ ရှူ့ တယ်ဆိုတာ
--------------------------------
သုဘ -- တင့်တယ်ခြင်း
အ - မရှိခြင်း
အသုဘ --မတင့်တယ်ခြင်း

အသုဘရှူ့ တယ်ဆိုတာ မတင့်တယ်တာတွေကို ရှူ့ ဖို့ ပြောတာပါ။ တကယ်တော့ မိုးလင်းကတည်းက မိမိ ခန္ဓာကိုယ်ရဲ့ ဒွါရ ကိုးပေါက်ကထွက်သမျှ အရာအားလုံးကို ရှူ့ မှတ်ဖို့ ပါ။ သေဆုံးသူ ပို့ တဲ့အခါကျတော့လည်း အလောင်း ကောင်ကြီးကို ရှူ့ ပေါ့။ ကျန်တဲ့အချိန်ကျ
တော့ မိမိခန္ဓာကိုယ်က ထွက်သမျှ ကျင်ကြီး ကျင်ငယ် မစင် ချွေး နှပ် စတဲ့
တင့်တယ်ခြင်းမရှိတဲ့ အရာတွေပါလား။ စက်ဆုပ် ဖွယ်တွေပါလား ဆိုတဲ့ သံဝေဂ ဥာဏ်လေးပါအောင်ကြည့်တာကို အသုဘရှူ့ တယ်လို့ ခေါ်တာပါ။

အခုကျတော့ မိုးလင်းကတည်းက ခန္ဓာက ထွက်တဲ့ မကောင်းတဲ့ အနံ့ အသက်
မကောင်းတဲ့အရာတွေကျတော့ အမွှေး အကြိုင်တွေနဲ့ လိုက်ဖုံးနေတယ်။ သံဝေဂ ဥာဏ်မယူပဲ လိုက်ကာကွယ်ပေးနေတယ်။

ခန္တာကိုယ်ကြီးက ငါ့ရဲ့သဘောတရားက ကောင်းတာတခုမှမရှိဘူး တကိုယ်လုံးက ထွက်တဲ့အရာမှန်သမျှက မတင့်တယ်ဘူး။
စက်ဆုပ်စရာတွေနဲ့ ပြည့်နေတယ်လို့  နေ့ တိုင်း နေ့ တိုင်း ပြနေတာတောင် ကိုယ်က အမွေးအကြိုင်တွေ အမွှေးနံ့ သာတွေနဲ့ လိုက်ပြီး ကာကွယ်ပေးနေတယ်ဆိုတော့ သံဝေဂဥာဏ်ကို ဘယ်လိုများယူကြမှာတုန်း။

ပြီးတော့ အလောင်းကောင်ကြီးကို သချိုင်းကုန်းပို့ ဆောင်တော့လဲ ဘယ်တုန်းက များ အလောင်းကောင်ကြီးကို စူးစိုက်ပြီး ရှု့ မှတ်ခဲ့ဘူးလည်း သူများတွေ ငိုတာ ကြည့်ပြီးပြန်လာ ပြီးတော့ ကားပေါ်မှာ တဟီးဟီးတဟားဟားနဲ့၊ ဒုက္ခရောက်ပြီး ပူလောင်နေတဲ့ မသာအိမ်က ရေဘူးနဲ့ ယပ်တောင်လေး ယူပြီး၊ ကိုယ့်အိမ်ကိုယ် ပြန်လာ
အပူသည်တွေကိုထပ်ပြီးဒုက္ခပေးသလိုပဲခေါ်းစဉ်တပ်တော့အသုဘရှူ့ သွားတာတဲ့။

ဗုဒ္ဓဘာသာတွေ ဘယ်တော့များမှ စနစ်တကျ လုပ်တက်ပါ့မလဲ မသိဘူး။

တကယ်တော့ အသုဘရှူ့ တယ်ဆိုတာ မိုးလင်းကတည်းက မိမိခန္ဓာကိုယ်ရဲ့
ဒွါရ ကိုးပေါက်က ထွက်ရှိတဲ့ မတင့်တယ်တဲ့ အရာ စက်ဆုပ်ဖွယ်ရာ အရာမှန်သမျှ ကို သံဝေဂဥာဏ်နဲ့ မြင်အောင်ကြည့်နိုင် ဖို့ ကို ပြောတာပါ။

ခန္ဓာကိုယ်က ပြတဲ့အတိုင်း မြင်အောင် ကြည့်တက်ဖို့ အဓိကပါ။

ဆန္ဒရှိမယ်ဆိုရင် နေ့ တိုင်း နေ့ တိုင်း ကိုယ့်အိမ်မှာ အသုဘ ရှူ့ လို့ ရပါတယ်။

အသုဘ (မတင့်တယ် ) ရှူ့ တာနဲ့  မသာပို့ တာကို ခွဲခြားနားလည်နိုင်ကြ ပါစေ။

credit: ငွေတာရီ
source: https://www.facebook.com/ngwetarye/photos/a.282551765258346.1073741828.276648355848687/498420757004778/?type=3&permPage=1
မူလ ဓမ္မရေချမ်းစင် fb

"မယားလိုချင်သလိုသာ တရားလိုချင်ခဲ့ရင်"
"တစ်ထိုင်တည်းနဲ့ နိဗ္ဗာန်ရလောက်တယ်"
<><><><><><><><><><><><>

ခန္ဓာရတာ မသာရတာပဲ..
ဖုံးသမျှ အဆုံးကျ ပေါ်လိမ့်မယ်..
ကာမဂုဏ်ဆိုတာ ခွေး အမဲရိုးကိုက်သလိုပဲ..
ပင်ပန်းတာနဲ့ မောတာပဲ အဖတ်တင်တယ်..
ဝမ်းဝတာ မဟုတ်ဘူး..

အသက်ငယ်ရွယ်စဉ် ကံကောင်းဉာဏ်ကောင်းချိန်တွေတုန်းက
ကာမဂုဏ်အာရုံတွေအတွက် အသုံးချပြီး
အသက်ကြီးလို့ ဉာဏ်တွေထိုင်း လူတွေလက်မခံမှ
ဘုန်းကြီးတွေဆီ ရောက်လာကြတာ..
ခင်ဗျားတို့ကို ဟောချင်စရာ တစ်ကွက်မှ မရှိဘူး..

မယားလိုချင်သလိုသာ တရားလိုချင်ခဲ့ရင်
တစ်ထိုင်တည်းနဲ့ နိဗ္ဗာန်ရလောက်တယ်..


(မိုးကုတ်ဆရာတော်ဘုရားကြီး)
ဓမ္မရေချမ်းစင် fbမှ