Wednesday, November 2, 2016

" မိမိကိုယ်ကို တည်ဆောက်မယ် "

••••••••••••••••••••••••••••••••••••

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ရာဇဂြိုလ်ပြည် ၊ ဝေဠုဝန်ကျောင်းမှာ သတင်းသုံး နေပါတယ် ၊ ညချမ်းရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်ကို ကြွတော်မူတယ် ။

ရှင်ရာဟုလာက မြတ်စွာဘုရား အတွက် နေရာခင်းခြင်း ၊ ခြေဆေးပေးခြင်းများ ပြုပါတယ် ၊ မြတ်စွာဘုရားက ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး " တရားစကား သြဝါဒ " ပေးတော်မူတယ် ။
----------------------------------------------

ချစ်သားရာဟုလာ ၊ အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် . . .

-မလုပ်ခင် စဉ်းစားလိုက်ပါဦး ၊
-လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး ၊
-လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး ၊
-မိမိလုပ်မယ့်အလုပ်ဟာ မိမိ ၊ သူတပါး ထိခိုက်နိုင်တယ် ဆိုရင် မလုပ်ပါနဲ့တော့ ၊

ချစ်သားရာဟုလာ ၊ အပြောတစ်ခုကို ပြောတော့မယ် ဆိုရင် . . .

-မပြောခင် စဉ်းစားလိုက်ပါဦး ၊
-ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး ၊
-ပြောပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး ၊
-မိမိ ၊ သူတပါး ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့တော့ ။

ချစ်သားရာဟုလာ ၊ အတွေးတစ်ခုကို တွေးတော့မယ် ဆိုရင်လည်း. . . .

-မတွေးခင် စဉ်းစားလိုက်ပါဦး ၊
-တွေးဆဲမှာလည်း စဉ်းစားလိုက်ပါဦး ၊
-တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး ၊
-မိမိ ၊ သူတပါး ထိုက်ခိုင်နိုင်တယ်ဆိုရင် မတွေးပါနဲ့တော့ ၊

မြတ်စွာဘုရားရှင်က ကံသုံးပါးကို စင်ကြယ်အောင် လုပ်ဖို့ ဟောပြလိုက်တဲ့အခါ ရှင်ရာဟုလာ ကျေနပ်ပီတိ ဖြစ်သွားတယ် ။

( မဇ္ဈိမပဏ္ဏာသပါဠိတော် -မဟာရာဟုလောဝါဒသုတ် )
-----------------------------------------

အဇာတသတ်မင်းဟာ သာမညဖလသုတ်ကို နာပြီး အဆုံးမှာ သောတာပန် တည်ဖို့ပါ ၊ ဒါပေမယ့် တည်မသွားရှာဘူး ၊ ဘာဖြစ်လို့လဲ ?

မဟာဓနသူဌေးသား လင်မယား နှစ်ယောက်ဟာ ပထမအရွယ် ၊ ဒုတိယအရွယ် ၊ တတိယအရွယ် မှာ တရားအားထုတ်လိုက်ရင် တရားထူး၊ တရားမြတ် ရဖို့ပါ ၊ ဒါပေမယ့် ရမသွားရှာဘူး ၊ ဘာဖြစ်လို့လဲ ?

ကဲ. . . . ဖြေကြည့်ပါဦး ၊
ယျေဘူယျအားဖြင့် ဖြေရင် . . .
-ဒေဝဒတ်ကို ပေါင်းလို့ ၊
-အဖကို သတ်လို့ ၊ လို့ ဖြေရမှာပါပဲ ။

ဒါပေမယ့် . . .မိမိကိုယ်ကိုမိမိ တည်ဆောက်နေတဲ့သူဟာ အဖေကို မသတ်ပါဘူး ၊ ဒါကြောင့် အဖြေကတော့ မိမိကိုယ်ကို မတည်ဆောက်လို့ပါပဲ ။
--------------------------------------------
ဆိုလိုတာက ပါရမီတွေ ဘယ်လောက်ပဲပါခဲ့ပါခဲ့
ဒီဘဝ မိမိကိုယ်ကို မတည်ဆောက်နိုင်ရင် တရားထူး ၊ တရားမြတ်တွေနဲ့ ဝေးသွားရပါတယ် ။ ပါရမီမပါခဲ့သူဆိုရင်တော့ အထူးပြောနေစရာ မလိုတော့ပါဘူး ၊

ပစ္ဆိမဘဝိကပုဂ္ဂိုလ် ဆိုရင်တော့ ပြသနာ မရှိဘူးပေါ့ ၊
ပစ္ဆိမဘဝိကပုဂ္ဂိုလ်ဆိုတာ = ဒီဘဝမှာ ဧကန်မုချ ရဟန္တာ ဖြစ်ရမယ့်သူပါ ။ ဥပမာ အင်္ဂုလိမာလတို့ ၊ သန္တတိ အမတ်ကြီး တို့ပါ ၊

ဒီနေရာမှာ ပုဂ္ဂိုလ်သုံးမျိုး ထွက်လာပါတယ် ၊
၁။ပါရမီ မပါခဲ့သူရယ် ၊
၂။ ပါရမီ ပါခဲ့သူရယ် ၊
၃။ ပစ္ဆိမဘဝပုဂ္ဂိုလ် ရယ် ၊

အဲဒီထဲမှာ နံပါတ်( ၃ ) ပုဂ္ဂိုလ်ပဲ စိတ်ချရပါတယ် ၊ ကျန်နှစ်ယောက်က စိတ်မချရသေးပါဘူး ၊

ဥပမာ . . အဇာတသတ် ၊ တရားထူးရဖို့ ပါရမီပါခဲ့တာပဲ ၊ မိမိကိုယ်ကို မတည်ဆောက် နိုင်တဲ့အတွက် တရားထူးနဲ့ ဝေးခဲ့ရတယ် ၊

ပသေနဒီကောသလမင်းကြီးတို့ ၊ ဝေရဉ္ဇပုဏ္ဏား တို့ကျတော့ မြတ်စွာဘုရားနဲ့ အကြာကြီး တွေ့ရပေမယ့် ပါရမီမပါခဲ့လို့ တရားထူး မရခဲ့ဘူး ။

စာဖတ်သူကော ဘယ်ပုဂ္ဂိုလ်ထဲမှာ ပါပါသလဲ ?
--------------------------------------------
တချို့ အနုပညာသည်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြတယ် ၊ ဘာဖြစ်လို့လဲ မေးရင် ဆေးချလို့ ၊ အရက်သောက်လို့ ဖြေကြမှာပါ ၊

ဒါပေမယ့် မိမိကိုယ်ကို တည်ဆောက်တဲ့သူဟာ ဘယ်တော့မှ ဆေးမချပါဘူး ၊ အရက် မသောက်ပါဘူး ၊ အဖြေက မိမိကိုယ်ကို မတည်ဆောက်လို့ပါ ၊

ဒါတွေကို ထောက်ပြီး မိမိကိုယ်ကို တည်ဆောက် ခြင်း ဟာ လူတစ်ယောက်ရဲ့ဘဝမှာ သိပ်အရေးကြီးပါတယ် ။
-----------------------------------------
ကျေးဇူးတော်ရှင် သပြေကန်ဆရာတော် ဘုရားကြီးက ပရိတ်ကြီးနိဿယသစ်မှာ " မိမိကိုယ်ကို တည်ဆောက်ဖို့ " အတွက် မဟာရာဟုလောဝါဒသုတ်ကို လက်ကိုင်ထား လိုက်ပါတဲ့ ။

မဟာရာဟုလောဝါဒသုတ် ဆိုတာ . .
အစမှာ ဖော်ပြခဲ့တဲ့ မြတ်စွာဘုရားရဲ့ တရားသြဝါဒ ပါပဲ ။

လိုရင်းအဓိပါယ်က ကံသုံးပါးကို စောင့်ထိန်း လိုက်ဖို့ပါ ၊

တကယ်သေချာ စဉ်းစားကြည့်လိုက်ရင် လူတွေဟာ မိုးလင်းကနေ မိုးချုပ်ထိ ဒီကံသုံးပါးနဲ့ ပဲ ဆက်ဆံနေရတာပါ ၊ မိုးလင်းကနေ မိုးချုပ်တောင် မဟုတ်ပါဘူး ။ မသေမချင်း ဆက်ဆံနေရတာပါ ။

လောကမှာ သိက္ခာပုဒ်တွေ ဘယ်လောက်များများ ဒီကံသုံးပါးကို စောင့်ထိန်းလိုက်တာနဲ့ မိမိကိုယ်ကို ဆောက်တည်ပြီးသား ဖြစ်သွားတာပါ ၊
------------------------------------------------

ပုထုဇဉ်ဆိုတာ ကိလေသာ မကင်းသေးတဲ့ အတွက် အကုသိုလ်တွေကို တခါတလေ ပြုမိကြမှာပါ ၊ တကယ်လို့ အကုသိုလ်တစ်ခုခုကို ပြုမိခဲ့ရင်လည်း . . .
နောင်ဘယ်တော့မှ မလုပ်တော့ဘူး ဆိုတဲ့စိတ်နဲ့ စဉ်းစားဆင်ခြင်ရမှာပါ ။

စာမှာ ပြထားတာက အကုသိုလ်တစ်ခုခုကို စဉ်းစားမိပြီး မကောင်းမှန်းသိရင် . . .
ဆရာသမား ၊ ပညာရှိ ၊ မိတ်ဆွေသူငယ်ချင်း ဆီမှာ ဖြစ်ဖြစ် ဖွင့်ဟ ပြောကြားပြီး နောင်ဘယ်တော့မှ မလုပ်တော့ဘူးလို့ စိတ်မွေး ရမှာပါတဲ့ ၊

အဲဒီမှာ တစ်ဦးဦးဆီမှာ မိမိမကောင်းတာ လုပ်ခဲ့တာကို ဖွင့်ဟပြောကြားရမယ် ဆိုတာ
ဖွင့်ဟ ပြောကြားရဲပါ့မလား ?
--------------------------------------------

အဲဒီတော့ စာရေးသူက အကြံပေးပါမယ် ၊

မကောင်းတာ တစ်ခုခုလုပ်ပြီးရင် ဘုရားခန်းထဲ သွားလိုက်ပါ ၊ မြတ်စွာဘုရားကို ဦးချ
" ဘုရားတပည့်တော်သည် ဤသို့သောနည်းဖြင့်
ဒီလိုအကုသိုလ်မျိုးကို နောက်ထပ်တဖန် ဘယ်တော့မှ မပြုတော့ပါဟု ဆိုလိုက်ပါ ၊

ဒါကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး က အာသီဝိသောပမသုတ် တရားတော်မှာ လူဒေသနာကြား တာလို့ မိန့်ထားပါတယ် ။

ရဟန်းတစ်ပါးပါး မပြစ်သင့်ပြီ ၊ အာပတ်သင့်ပြီ ဆိုရင် ရဟန်းတော်တပါးပါးဆီ သွားပြီး အာပတ် ဖြေရပါတယ် ။

ဒါပေမယ့် လူတွေအနေနဲ့ ကိုယ်အပြစ်တခု ကျူးလွန်တာ အခြားတစ်ယောက်ကို ဖွင့်ဟပြောကြားဖို့ ဆိုတာ တော်ရုံသတ္တိနဲ့ မလွယ်ပါဘူး ။

ဒါကြောင့် ဘယ်သူမှ မရှိတုန်း ဘုရားရှေ့မှာ သွားလျှောက်တာက လူတိုင်း လုပ်နိုင်ကြပါတယ် ။ ဒီနေရာမှာ အဓိက နှလုံးသွင်းရမှာက . . ." နောင် စောင့်စည်းလိုစိတ် " ပါ ။

အပြစ်ကတော့ ပြုမိချင် ပြုမိကြမှာပါ ။ ပြုမိပေမယ့် နှလုံး မသာမယာစိတ် ဖြစ်မနေပဲ မြတ်စွာဘုရားရှေ့မှာ ဖွင့်ဟလျှောက်ထားပြီး နောင်ဘယ်တော့မှ မပြုတော့ဘူး လို့ " အဓိဋ္ဌာန် လိုက်ရမှာပါ "

ဘာပဲပြောပြော ပစ္ဆိမဘဝိကပုဂ္ဂိုလ် ( ရဟန္တာ ) မဟုတ်သေးဘူး ဆိုရင် ဘယ်သူမှ စိတ်မချရသေးဘူး ဆိုတာကိုတော့ ရင်ထဲကို အသေ ထည့်ထားလိုက်ဖို့ပါပဲ ။

ကျမ်းကိုး
ပရိတ်ကြီးနိဿယသစ် ၊ အတ္တသမ္မာဏိသစ် ၊ သပြေကန် ဆရာတော် ။

ရဝေနွယ် ( အင်းမ )
စိတ်ညစ်ရင် ရေချိုးပါ ( စာ-၃၂-၃၉ ) အကျဉ်းအား ကောက်နုတ်ပူဇော်ပါ၏

credit ဓမ္မ နှစ်သက်သူ fb

No comments:

Post a Comment