
အကြွေးကင်းကြပါစေ
=========
ဟိုတနေ့ကပဲ ဆိုင်မှာ ဗွီနိုင်းလာအပ်သွားတယ်
ငွေလည်းအကျေပေးသွားပါတယ်
နောက်နေ့မနက် ၉ နာရီလောက်လာယူမယ်ဆိုပြီး
လာမယူတာ အခုအချိန်ထိပါပဲ
လာမယူရတဲ့အကြောင်းက မအားလို့ပဲထင်တားတာ
ဒါပေမယ့် ဖေ့ဘုတ်မှာ ကားတိုက်သေဆုံးသွားတဲ့
ပုံလေးကိုတွေ့မိလို့ မတင်ကာလို့ ကြည့်လိုက်တာ
ဗွီနိုင်းပိုင်ရှင်လေးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်
စိတ်ထဲမကောင်းလိုက်တာဗျာ
တကယ်ပဲ ဆိုင်မှာ ဗွီနိုင်းလာအပ်သွားတဲ့ အစ်မ
တယောက်ဖြစ်နေတယ် . . .
ဆိုင်မှာ တခါတလေအလုပ်လာအပ်တတ်ပါတယ်
နေရပ်ကိုတော့ အသိအကျမသိခဲ့ဘူး
တကိုယ်တည်း စီးပွားရှာပြီး ဘဝကို
မားမားမှတ်မှတ် ရပ်တည်တဲ့သူတစ်ယောက်လို့
သိထားပါတယ်
အလုပ်လာအပ်တာတောင် ငွေကို နောက်မှမပေးပဲ
ကြိုရှင်းသွားတတ်ပါတယ်. . .။
အခုတော့ ထင်ကိုမထင်မိတာပါ
ကံ ၏ အကျိုး . . . ဆန်းကြယ်လွန်းလှပါတယ်
လမ်းဘေးမှာ ဆိုင်ကယ်ကို ရပ်ပြီး ခဏနားနေတုန်မှာ
ကားကဖောက်ပြီး လာဝင်တိုက်သွားတာပါ။
ကံ ရဲ့ အလှည့်အပြောင်း ကို ဖတ်ဖူး မှတ်ဖူးပေမယ့်
တကယ့်လက်တွေ့ ကိုယ့်ရှေ့မှာ မြင်တွေ့ရတော့
တော်တော်လေးကို သံဝေဂရမိပါတယ်. . .
တော်တော်လေးလည်းစိတ်ထဲမှာ တမျိုးကြီးခံစားရ
ပါတယ်. . .။
သံသရာမှာ မိမိကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ အကောင်း၊
အဆိုး ၊ အကြောင်း အကျိုး တွေ မိမိနောက်ကို
အရိပ်လိုပဲ ထပ်ကြပ်မခွာ လိုက်ပါလို့နေ တာကို
အိပ်ယာဝင်ပုံပြင်တပုဒ်လို မှတ်ထင်နေကြပါတယ်
တကယ်တန်း မိမိမျက်စိရှေ့မှာ ကြုံလာမှပဲ
ပုံပြင်တွေမဟုတ်မှန်း သိကြရပါတယ်။
မိမိတို့ အလှည့်လဲ ဘယ်တော့လည်း
အကြောင်းတခုခုကြောင့် ရုတ်တရက် မသေပေမယ့်
လဲ တနေ့မှာ အားလုံးသေကြရမယ်ဆိုတာကို
လူတိုင်းသိပြီးသားပါ
မျက်စိတမှိတ်၊ မျက်တောင်တခတ် လေးအတွင်းမှာ
ပြောင်းလည်းမှု အကြီးကြီးတွေ ဖြစ်သွားနိုင်တယ်
ဆိုတာ လူတိုင်းသိပြီးသားပါ
မကြုံဘူးသေးတာပဲ ရှိပါတယ်။
မသေသေးခင် အချိန်ကာလမှာ မြတ်စွာဘုရားဟော
ကြားတော်မူခဲ့တဲ့ ကံကံ၏အကျိုးတရား ဖြစ်ပျက်
တွေကို မိမိကိုယ်တိုင် နှလုံးသားထဲကနေပြီး
နားလည် သဘောပေါက်သွားချင်ပါတယ် . . .
သေမယ့်အခါမှာလည်း ရဲရဲဝံ့ဝံ့နဲ့ တရားကို လက်ကိုင်
ထားနိုင်ပြီး သေချင်တယ်ဗျာ .. . .
ဖြစ်နိုင်မဖြစ်နိုင်ကတော့ မိမိအပေါ်မှာပဲ မှီတည်ပါ
တယ်. . . ။
ဒါကြောင့် ရတဲ့အချိန် အားတဲ့အချိန် တွေမှာ
တရားဓမ္မလိုက်စား ကျင့်ကြံကြပါလို့ တိုက်တွန်း
ချင်ပါတယ် . . ။
အလုပ်နဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေ
အစ်မကတော့ အကြွေးတခုကို ဆပ်သွားပါပြီ
ဘယ်ကဘယ်အချိန် ဘယ်ကာလ ဘယ်ဘဝ မှာ
ယူထားခဲ့တဲ့ အကြွေးမှန်းတော့မသိ အခု လက်ရှိဘဝ
မှာ ကျေအောင်ဆပ်သွားလိုက်ပါပြီ၊
မိမိတို့လည်း သံသရာတလျောက်ယူထားခဲ့တဲ့
အကြွေးတွေကို ဆပ်ရဦးမှာပါ၊
အဓိကကတော့ အခုကနေစပြီး အကြွေးထပ်မယူမိ
စေကြဖို့ပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့မိတ်ဆွေကတော့
အကြွေးတခုကိုဆပ်သွားခဲ့ပါပြီ
သူ့ရဲ့ ဗွီနိုင်းလေး တော့ ကျွန်တော့ထံ အခုချိန်ထိ
ရှိနေပါတယ်
သံဝေကရမိပါတယ်ဗျာ . . . .။
ဓမ္မမိတ်ဆွေတို့ကိုလည်း အကြွေးကင်းကြပါစေလို့
ဆုတောင်းလိုက်ပါတယ်ဗျာ . . . . . ။
သံသရာမျက်ရည်(မိုးညှင်း)