Wednesday, May 31, 2017

ပညာဘယ်သို့ရောက်
--------------------
"မင်းမြတ် . . မောဟတရားသည် ဥာဏ်ပညာဖြစ်ချိန်တွင်
ချုပ်ပျောက်သွားရပေ၏"
"အမှောင်တိုက်တွင် ဆီမီးထွန်းလိုက်သောအခါ ဆီမီး
အလင်းရောင် ပေါ်လာသည်နှင့် တပြိုင်နက် မောဟ
ဟူသော ဖုံးကွယ်မှု ပျောက်သွားရသည်သာတည်း"

"အရှင်ဘုရား . . . ပညာသည်ကား အဘယ်ကို ရောက်
သွားပါသနည်း"

"မင်းမြတ် . . ပညာသည်ကား သိစရာရှိသည်ကို
သိအောင်ပြုပြီး သည့်အခါ ချုပ်ပျောက်သွား၏၊ ပညာဖြင့်
သိအပ်သော အသိခံရသော အမှုကိစ္စ အရာဝတ္ထုသည်
ကား မချုပ်မပျောက်သည်သာတည်း"

"အရှင်ဘုရား . . ပညာသည် မိမိကိစ္စကို ပြုပြီးသည့်အခါ
ချုပ်ပျောက်သွား၏ ဆိုသည်ကိုလည်းကောင်း၊ ပညာဖြင့်
ပြုအပ်သောအမှုကိစ္စသည် မချုပ်ပျောက် ဆိုသည်ကို
လည်းကောင်း ဥပမာဆောင်တော်မူပါဦးဘုရား"

"ဒကာတော်မင်းမြတ် . . အကြင်သူတစ်ဦးသည် ညဥ့်
အခါတွင် ဆီမီးထွန်း၍ ဆီမီး၏အလင်းရောင်အောက်တွင်
စာရေး၏၊ စာရေးပြီးသောအခါ မီးကိုငြိမ်းသတ်ပစ်လိုက်
သဖြင့် အလင်းရောင်ပျောက်သွား၏၊ ထိုသို့အလင်းရောင်
ချုပ်ပျောက်သော်လည်း အလင်းရောင်ရှိစဉ်က ရေးခဲ့
သောစာသည်ကား ချုပ်ပျောက်သွားခြင်းမရှိပေ၊
ပညာသည်လည်းကောင်း၊ ပညာဖြင့် ပြုအပ်သည် သိအပ်
သည်တို့သည်လည်းကောင်း ထို့အတူသာ ဖြစ်ပေ၏"

ဦးကောင်းထွန်း၊ မိလိန္ဒ အမေး အဖြေ မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

No comments:

Post a Comment