Monday, June 19, 2017

"နွားဟာမွေးသည့်နေ့ကစပြီး သူ့အသက်ကို မသတ်ဘူး၊
မြက် သစ်ရွက်ကိုသာစားတယ်၊ ကုသိုလ်ဖြစ်သလား" ဆိုသော
မေးလျှောက်လွှာ
မြက် သစ်ရွက်စားတာနှင့် ကုသိုလ်ဖြစ်တာဟာ တခြားစီဖြစ်တယ်၊
ကုသိုလ်ဆိုတာ လောဘ-ရချင်မှု ၊ ဒေါသ-ပြစ်မှားမှု ၊
မောဟ-တွေဝေမှုဆိုတဲ့ အကုသိုလ် ဟိတ်ကင်းတဲ့
တရားကို ကုသိုလ်လို့ခေါ်တာပဲ၊
မြက်ကိုပဲစားစား၊ အသားကိုပဲစားစား လောဘစိတ်နှင့်စားလျှင်
အကုသိုလ်ဖြစ်တာပါပဲ၊ လောဘစိတ်နှင့်မစားပဲ
ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာစိတ်နှင့် စားလျှင် ကုသိုလ် ဖြစ်တာပဲ။
ဒါကြောင့် မြက် သစ်ရွက်စားတာနှင့်
ကုသိုလ်ဖြစ်စေတယ်လို့ မထင်ပါနှင့်၊
လောကမှာ ခွေးသတ္တဝါဟာ မစင်ကိုစားတယ်၊
အပုပ်အတိုးကိုစားတယ်၊
ဒီအကောင်ဟာ လူတို့ရဲ့ညစ်ညမ်းမှုကို ဖယ်ရှားပေးတဲ့အတွက်
ကုသိုလ်ရတယ်လို့မထင်ပါနှင့်
အဲဒီလိုထင်ရင်(သီလဗ္ဗတုပါဒါန်၊သီလဗ္ဗတပရာမသ)မိစ္ဆာဒိဋ္ဌိအတွင်း
သက်ဆင်းပါနေတဲ့အတွက် အဲဒီအယူအဆနှင့်သေလျှင်
ခွေး၊ နွား ဖြစ်တတ်တယ်။
အမှန်ကတော့ တိရစ္ဆာန်ဘဝဆိုတာ
ဆိုးညစ်တဲ့အကုသိုလ်ကံကြောင့်ဖြစ်တာပါ၊
ဆိုးညစ်တဲ့ကံကြောင့်ဖြစ်တဲ့ သတ္တဝါရဲ့ အစားအစာဟာလည်း
ကောင်းသောအစားအစာမဟုတ်၊ ဆိုးညစ်တဲ့အစားအစာသာဖြစ်တယ်၊
ဒါကြောင့် မြက်စားနေတဲ့အတွက် ကျွဲ၊ နွား၊ မြင်းတို့ကို
ကုသိုလ်မဖြစ်ဘူးလို့ ဖြေလိုက်ပါတယ် . . . ။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ
အမေးအဖြေများ(၅) မှ ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

No comments:

Post a Comment