Tuesday, June 13, 2017

မြတ်စွာဘုရား သာဝတ္တိပြည် ဇေတဝန်ကျောင်း ကိန်းအောင်း
စံပျော်စဉ်ကာလ တစ်ခုသော သန်းခေါင်ယံအခါမှာ
နတ်သားတစ်ယောက်ဘုရားရှင်ထံလာရောက်ပြီး ပြဿ နာကို
လျှောက်ထားတယ်၊ နတ်သားလျှောက်ထားတဲ့ပြဿ နာကတော့

အရှင်ဘုရား

"အဘယ်သူသည် နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ကုသိုလ်
တရားကို တိုးပွားနေပါသလဲ"

"အဘယ်သူတို့ဟာ တရား၌တည်ပါကုန်သလဲ"

"အဘယ်သူတို့ဟာ ဝတ်အကျင့်နှင့် ပြည့်စုံကြပါသလဲ"

"အဘယ်သူဟာ သေပြီးနောက် နတ်ပြည်ရောက်နိုင်ပါသလဲ" တဲ့

နတ်သားမေးတဲ့ ပြဿနာက လေးချက်ရှိတယ်၊ အဲဒီ ပုစ္ဆာ ၄- ချက်ကို
ဘုရားရှင်က တစ်ချက်တည်းနှင့် အဖြေပေးတော်မူလိုက်တယ်၊
ဘုရားရှင်ပေးတဲ့ အဖြေက-

- အကြင်သူဟာ အများ စိတ်ပျော်ရွှင်စေဖို့ သစ်သီးဥယျာဉ်၊
ပန်းဥယျာဉ်တို့ကိုစိုက်ပျိုးတယ်၊

- အရိပ်ခိုနားနေဖို့ ညောင်ပင်၊ ကုက္ကိုပင်စတဲ့ တောသစ်ပင်များကို
စိုက်ပျိုးတယ်၊

- လူအများသွားလာလွယ်ကူအောင်တံတားခင်းတယ်၊

- ခရီးသွားများသောက်သုံးဖို့ ရေအိုးစင်တည်တယ်၊

- ရေတွင်းရေကန်တူးတယ်၊

- ခရီးသွားအများရပ်နားဖို့ ဇရပ်တို့ ကျောင်းတို့ဆောက်လုပ်တယ်၊

အဲဒီ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ နေ့ရောညဥ့်ပါ
ကုသိုလ်တရားတိုးပွားတယ်၊

အဲဒီ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ တရားတည်တယ်၊

အဲဒီပုဂ္ဂိုလ်ဟာ ဝတ်အကျင့်နှင့် ပြည့်စုံသူ ဖြစ်တယ်၊

အဲဒီ ပုဂ္ဂိုလ် ကွယ်လွန်လျှင် နတ်ပြည်ရောက်တယ် လို့

သဂါထာဝဂ္ဂသံယုတ်၊ အာစိတ္တဝဂ်၊ ဝနရောပသုတ်မှာ
ဘုရားရှင်ဟောတောမူတယ်။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ
အမေးအဖြေများ(၄) မှ ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

No comments:

Post a Comment